အေအက်ဖ်ပီတီဗီ ဂျာနယ်လစ်က ရွှေ့ပြောင်းအခြေချများ ပဋိပက္ခသတင်းအတွက် ဗြိတိန်ဂျာနယ်လစ်ဆု ချီးမြှင့်ခံရ

အေအက်ဖ်ပီတီဗီ ဂျာနယ်လစ်က ရွှေ့ပြောင်းအခြေချများ ပဋိပက္ခသတင်းအတွက် ဗြိတိန်ဂျာနယ်လစ်ဆု ချီးမြှင့်ခံရ
Published 8 December 2016
Ref:AFP

နေရပ် ဂရိနိုင်ငံတွင် ရွှေ့ပြောင်းအခြေချ ပဋိပက္ခအား သတင်းဖော်ပြခဲ့မှုအတွက် အေအက်ဖ်ပီတီဗီ ဂျာနယ်လစ် ဝီလ်ဗာဆီလိုပူလိုသည် ကမ္ဘာတစ်ဝန်းရှိ အလွတ်တန်း သတင်းထောက်များအား ထောက်ပံ့သော ဗြိတိန်မှ Rory Peck Trust က ချီးမြှင့်သောဆုကို ဒီဇင်ဘာ ၇ ရက်တွင် ရရှိခဲ့သည်။ တူရကီမှနေ၍ အေဂျီယန်ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် ဂရိနိုင်ငံထဲသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များ၏ သတင်းများကို ဖော်ပြမှုအတွက် ဂရိ - ကနေဒါ နိုင်ငံသား ဗာဆီလိုပူလိုသည် Rory Peck ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းစုမှနေ၍ မက်ဆီဒိုးနီးယားနှင့် ထိစပ်နေသော ဂရိမြောက်ပိုင်းရှိ ယာယီခိုလှုံစခန်း အိုင်ဒိုမင်နီသို့ ရွှေ့ပြောင်းအခြေချများ ထပ်မံဝင်ရောက်လာမှုအား ဗာဆီလိုပူလိုက ၂၀၁၅ ခုနှစ် အောက်တိုဘာမှ ယခုနှစ်မတ်အတွင်း ဗီဒီယိုများ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ နယ်စပ်တွင် ရွှေ့ပြောင်းအခြေချများ၏ ဆန္ဒပြမှုများနှင့် မက်ဆီဒိုးနီးယားသို့ သွားရောက်ရန်အတွက် မြစ်အားဖြတ်ကူးရန် ရာနှင့်ချီသော ရွှေ့ပြောင်းအခြေချများ၏ ကြိုးပမ်းမှုကိုလည်း ၎င်းက ရိုက်ကူးခဲ့သည်။
ယီမင်တွင် အစိုးရတပ်များနှင့် ရှီအိုက်ဟူသီ သူပုန်များအကြား တိုက်ပွဲသတင်းများအား ရယူခဲ့သော အေအက်ဖ်ပီတီဗီ ဂျာနယ်လစ် နာဘီဟက်ဆန်သည် သတင်းဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ ညီအစ်ကိုသုံးဦး ကစားနေစဉ် လေကြောင်း တိုက်ခိုက်မှုကြုံခဲ့ရပြီးနောက် အခြေအနေအား ဖော်ပြခဲ့မှုအတွက် ဂျာနယ်လစ် ဝါအက်အယ်ကတ်အိသည်လည်း ဆန်ခါတင်စာရင်းဝင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် မော်စကို၌ သေဆုံးခဲ့သော အလွတ်တန်း ဂျာနယ်လစ် ရိုရီပက်အား အောက်မေ့သတိရမှု အထိမ်းအမှတ်အဖြစ် ထူထောင်ခဲ့သော Rory Peck Trust က ၁၉၉၅ ခုနှစ်မှစ၍ ယင်းဆုအား စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံး အလွတ်တန်း သတင်းဓာတ်ပုံဆရာများအား အသိအမှတ်ပြုသည့်အနေဖြင့် ယင်းဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အလက်ပိုမြို့၏ အခြေအနေများအား သတင်းဖော်ပြခဲ့သည့် အေအက်ဖ်ပီတီဗီသည် ပြီးခဲ့သောနှစ်တွင် Rory Peck ဆုဖြင့် အသိအမှတ်ပြု ဂုဏ်ပြုခံခဲ့ရသည်။ ဂျာနယ်လစ် ဇိန်းအယ်ရီဖိုင်းသည် အလက်ပိုရှိ သူပုန်ထိန်းချုပ်ဒေသများတွင် နေထိုင်နေသူများ၏ နေ့စဉ်ဘဝများအား ဖော်ပြမှုအတွက် သတင်းဆုရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် သတင်းဆုအတွက် ဗဟိုအာဖရိက သမ္မတနိုင်ငံ၏ ပြည်တွင်းစစ်အား သတင်းဖော်ပြခဲ့သည့် ဂျာနယ်လစ် ပါကမ်းပါဘန်းဂျီက ရရှိခဲ့သည်။
ယခုနှစ်အတွက် news features ဆုကို လစ်ဗျားမြို့တော် ထရီပိုလီတွင် ရွှေ့ပြောင်းအခြေချများ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသော တရားမဝင် ထိန်းသိမ်းရေး စခန်းတစ်ခုအကြောင်းကို Vice News က ဖော်ပြခဲ့သည့် ဗီဒီယိုအပိုင်း ရိုက်ကူးခဲ့သည့် ဂျာနယ်လစ်မာကို ဆာလူစထရိုက ရရှိခဲ့သည်။