ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးခံထားရသူ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း၏ အာမခံအား ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားမှုကို ဒီဇင်ဘာ ၇ ရက်တွင် တရားရုံးက လက်ခံခဲ့ကြောင်း ဦးမျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
မြို့နယ်တရားရုံးက ပယ်ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း ဦးကျော်ဟိုးက ပြောကြားသည်။
“ဒီနေ့က ခရိုင်တရားရုံးမှာ ရုံးချိန်းရှိတယ်။ မြို့နယ်တရားရုံးက အမှုတွဲကို ခရိုင်ရုံးက တောင်းထားတဲ့အတွက် ဒီနေ့ အမှုတွဲရောက်တယ်။ ရောက်တဲ့အတွက် နောက်တစ်ပတ်မှာ အစိုးရရှေ့နေနဲ့ နှစ်ဖက်လျှောက်လဲချက်ပေးဖို့ ထပ်ချိန်းတယ်။ ဒီဇင်ဘာ ၁၆ ရက်ပေါ့။ မြို့နယ်ရုံးမှာက ၉ ရက် ရုံးချိန်းကို မစစ်ဘဲ ရက်ချိန်းပြန်ပေးမှာပါ” ဟု ဦးကျော်ဟိုးက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့မရဲစခန်းက (ပ) ၁၀၈၉/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကာ ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံထားရသည့် ဦးမျိုးရန်နောင်သိန်း၏ အာမခံအား ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားမှု ဒီဇင်ဘာ ၁၆ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ပေးမည်