အင်ဒိုနီးရှား၌ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံး

အင်ဒိုနီးရှား၌ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံး
Published 7 December 2016
Ref:AFP

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းပေါ်မှ အာချေးပြည်နယ်တွင် ဒီဇင်ဘာ ၇ ရက်က အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၉၀ ထက်မနည်းရှိပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။
မွတ်စလင်အများစု နေထိုင်သော ပီဒိုင်းဂျာယာဒေသတွင် အရုဏ်တက်အချိန်၌ နံနက်ခင်းဝတ်ပြုရန် ပြင်ဆင်နေကြစဉ် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိသည့် ဇောက်တိမ်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် မေရိုင်ဒူမြို့ငယ်ရှိ ဗလီများ၊ ဈေးဆိုင်များ ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။ သို့သော် ဆူနာမီသတိပေးမှု မထုတ်ပြန်ခဲ့ရပေ။
“သေဆုံးသူ ၅၂ ဦးရှိပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သူကတော့ ၇၃ ဦး ရှိပါတယ်။ ဒဏ်ရာအနည်းအကျဉ်း ရတဲ့သူဦးရေက ၂၀၀ ကျော် ရှိပါတယ်။ သေဆုံးဒဏ်ရာရသူ ဦးရေက ထပ်ပြီးတိုးလာဦးမယ်လို့ ခန့်မှန်းရပါတယ်”ဟု အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် အေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဝိုနူဂရိုဟိုက ပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် နစ်မြုပ်နေသေးသူများရှိ၊ မရှိကို စက်ကိရိယာကြီးများကို အသုံးပြု၍ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြဆဲဖြစ်သည်။ “ကျွန်တော်တို့ အိမ်ထဲကနေ ချက်ချင်း ပြေးထွက်ခဲ့ကြပါတယ်။ ဒီနောက်မှာ အိမ်လည်းပြိုကျသွားခဲ့ပါတယ်။ အိမ်နီးချင်း အိမ်တွေအားလုံးလည်း လုံးဝပျက်စီးသွားခဲ့ပါတယ်” ဟု မေရိုင်ဒူမြို့ခံ တစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဟတ်စဘီဂျာယာက ပြောကြားခဲ့သည်။ ယခုငလျင်ကို အာချေးပြည်နယ် တစ်ဝန်းလုံး ခံစားခဲ့ရသည်ဟု ငလျင်ဗေဒပညာရှင်များက ပြောကြားခဲ့သည်။ အာချေးပြည်နယ်သည် ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် အကြီးအကျယ် ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ဒေသတစ်ခုဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်အစောပိုင်းက အဆိုပါ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင် ငါးကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က အင်ဒိုနီးရှားတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပြတ်ရွေ့ကြောများဆုံရာ ပစိဖိတ် မီးကွင်းဒေသ၏အပေါ်တွင် တည်ရှိနေသောကြောင့် ငလျင်လှုပ်ခတ်မှုများ၊ မီးတောင်လှုပ်ရှားမှုများနှင့် မကြာခဏ တွေ့ကြုံရလေ့ရှိသည်။ အထူးသဖြင့် ဆူမတ်တြားကျွန်း၏ မြောက်ပိုင်းစွန်းတွင်ရှိသော အာချေးပြည်နယ်မှာ ငလျင်လှုပ်ခတ်မှု အများအပြားနှင့် ကြုံတွေ့ရသည့် ဒေသဖြစ်သည်။ ဇွန်လကလည်း ဆူမတ်တြား အနောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးပြီး လူရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။