မလေးရှားဝန်ကြီးချုပ် နာဂျစ်သည် နိုင်ငံအား ဖျက်ဆီးနေပြီး လူမျိုးရေး တင်းမာမှုဖြစ်စေရန် မီးထိုးနေဟု မဟာသီယာ စွပ်စွဲ

မလေးရှားဝန်ကြီးချုပ် နာဂျစ်သည် နိုင်ငံအား ဖျက်ဆီးနေပြီး လူမျိုးရေး တင်းမာမှုဖြစ်စေရန် မီးထိုးနေဟု မဟာသီယာ စွပ်စွဲ
Published 7 December 2016
Ref:AFP

လက်ရှိ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်သည် အကျင့်ပျက် ခြစားမှုအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသော်လည်း အာဏာဆက်လက် ဆုပ်ကိုင်ထားပြီး နိုင်ငံအား ဖျက်ဆီးနေကြောင်း ဝန်ကြီးချုပ်ဟောင်း မဟာ သီယာမိုဟာမက်က ဒီဇင်ဘာ ၆ ရက်တွင် စွပ်စွဲခဲ့ပြီး လာမည့်ရွေးကောက်ပွဲများ၌ အတိုက်အခံများအတွက် တက်တက်ကြွကြွ မဲဆွယ်ပေးမည်ဟု ကတိပြုခဲ့သည်။ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB နှင့်ဆက်နွှယ်၍ အုတ်အော်သောင်းတင်း ဖြစ်ခဲ့သော အကျင့်ပျက် ခြစားမှုအရှုပ်တော်ပုံအတွက် အသက် ၉၁ နှစ်ရှိပြီဖြစ်သော မဟာသီယာကနာဂျစ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့စဉ်အတွင်း အတိုက်အခံပါတီများအား ဖိနှိပ်ရန် ကြိုးပမ်းခဲ့ဖူးသည့် မဟာသီယာကနာဂျစ်အား ရာထူးမှ ဖြုတ်ချနိုင်ရန်အတွက် ထောင်ဒဏ်ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဘရာဟင်၏ ပါတီအပါအဝင် အတိုက်အခံများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “သူ (နာဂျစ်) က နိုင်ငံကို ဖျက်ဆီးနေတယ်။ လူမျိုးခြား မုန်းတီးဖိနှိပ်မှုကို ဆောင်ယူလာနေတယ်။ အလွန့်အလွန် ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာပဲ” ဟု မဟာသီယာက မြို့တော်ကွာလာလမ်ပူ တောင်ဘက်ရှိ ၎င်း၏ရုံးခန်းတွင် ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် ဖိအားများမြင့်တက်လာစဉ် အသက် ၆၃ နှစ်ရှိ နာဂျစ်က ပြီးခဲ့သောနှစ်တွင် ယင်းအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုကို ရုတ်တရက် ပိတ်သိမ်းခဲ့ပြီး နိုင်ငံတော် ရှေ့နေချုပ်အား ရာထူးမှထုတ်ပယ်ခဲ့ကာ ဒုတိယခေါင်းဆောင် မူယက်ဒင်ယက်ဆင် အပါအဝင် အာဏာရပါတီထဲမှ ၎င်းအားဝေဖန်သူများကို ထုတ်ပယ်ပစ်ခဲ့သည်။
တစ်ချိန်က နာဂျစ်၏ ဆရာဖြစ်ခဲ့သော မဟာသီယာသည် နိုင်ငံရေးမှ အနားယူခဲ့ပြီးနောက် အာဏာရပါတီ United Malays National Organisation (UMNO) အားဖြုတ်ချနိုင်ရန် မျှော်လင့်ချက်ဖြင့် နိုင်ငံရေး ပါတီတစ်ခုထူထောင်ခဲ့သည်။ နာဂျစ်အား ဖြုတ်ချနိုင်ရေးသည် ပုဂ္ဂိုလ်ရေး ခံစားမှုထက်ပို၍ အရေးပါကြောင်း အန်ဝါနှင့် ဆက်ဆံရေးပြေလည်မှု ရရှိခဲ့မှုနှင့် အတိုက်အခံများနှင့် ပူးပေါင်းခဲ့မှုတို့အား ရည်ညွှန်းလျက် မဟာသီယာက ပြောကြားခဲ့သည်။ အန်ဝါသည် မဟာသီယာ နေရာဆက်ခံမည့်သူအဖြစ် ခန့်မှန်းထားကြသော်လည်း နိုင်ငံရေးကွဲလွဲမှုများကြောင့် ၁၉၉၈ ခုနှစ်တွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ဆက်တိုက်ဆိုသလိုပင် အန်ဝါသည် လိင်တူချင်း တပ်မက်မှုစွဲချက်ဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
ပြီးခဲ့သောလတွင် ကွာလာလမ်ပူ၌ လူထောင်နှင့်ချီ ပါဝင်ခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွင် မဟာသီယာက မလေးရှားအား သူခိုးများက ထိန်းချုပ်ထားပြီး ဝန်ကြီးချုပ်အား ဖြုတ်ချနိုင်ရန် စဉ်ဆက်မပြတ် ဖိအားပေးရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ နာဂျစ်သည် လူများစုမလေးများ၏ ထောက်ခံမှုများရရှိရန် လူမျိုးရေးအား အသုံးချလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းသည် မလေးနှင့် အစ္စလာမ် အရမ်းဆန်လာမည် ဖြစ်ကြောင်း၊ လစ်ဘရယ် စိတ်ဓာတ်မှသည် ပို၍တင်းကျပ်ပြီး လူမျိုးရေးဆန်သော ပုံစံသို့ ချဉ်းကပ်နေကြောင်း မဟာသီယာက သတိပေးခဲ့သည်။ နာဂျစ်က မဟာသီယာအား သစ္စာဖောက်တစ်ဦးဟု ပြန်လည်တံဆိပ်ကပ်ခဲ့ပြီး တရုတ်အခြေပြု Democratic Action Party ကသာအနိုင်ရခဲ့ပါက အိပ်မက်ဆိုးများ လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံများ အခြေအနေ ကောင်းနိုင်သော်လည်း အဟန့်အတားများ ကြုံရနိုင်ကြောင်း စင်ကာပူ အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေး သုတေသီ ချောင်ဂျာအန်က ပြောကြားခဲ့သည်။              

Most Read

Most Recent