Miss Universe ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်လေးများ တစ်ကျော့ပြန် ခြေချနိုင်ခဲ့သည်မှာ ယခုနှစ်တွင် လေးနှစ်တိုင်ခဲ့ပြီဖြစ်သည်။ စတုတ္ထမြောက် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ဇန်နဝါရီလတွင် သွားရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ် ထက်ထက်ထွန်းက တစ်နှစ်ကျော်ကြာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ Miss Universe 2016 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ရုပ်သေးတင်ဆက်မှုကို Talent ယှဉ်ပြိုင်မှုအဖြစ် တင်ဆက်ရန် စီစဉ်ထားပြီး လက်ရှိတွင် Swim Suit ဝတ်စုံများဖြင့် အလှဓာတ်ပုံများမှာလည်း ပရိသတ်များကြားတွင် ရေပန်းစား ပျံ့နှံ့လျက်ရှိသူ အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံ၍ ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများ၊ မျှော်လင့်ထားမှုများနှင့် ဆက်လက် လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများအား မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - ဇန်နဝါရီထဲမှာ Miss Universe ပြိုင်ပွဲကို သွားပြီးယှဉ်ပြိုင်ရတော့မှာဆိုတော့ အဲဒီအတွက် ပြင်ဆင်ထားတာတွေ အရင်ပြောပြပေးပါဦး။
ဖြေ - ပြိုင်ပွဲအတွက်က တစ်နှစ်လောက် အချိန်ရခဲ့တဲ့ အခါကျတော့ အခြားသူတွေထက်စာရင် အချိန်အများကြီးရတယ်လို့ ပြောလို့ရပါတယ်။ ထက်ဘက်က လုပ်ရမယ့်အပိုင်းဖြစ်တဲ့ Body Beauty ပိုင်း၊ Talent ပိုင်း၊ Knowledge ပိုင်းနဲ့ ဘာသာစကားပိုင်းတွေကတော့ အားလုံးပြင်ဆင် ပြီးသွားပါပြီ။ အခုဝတ်စုံတွေ ဘာတွေအတွက်လည်း Organization နဲ့ပေါင်းပြီး စီစဉ်ထားပြီးပါပြီ။
■ မေး - ပြိုင်ပွဲအတွက်က ဘယ်တော့သွားဖြစ်မလဲ။
ဖြေ - ပြိုင်ပွဲအတွက်က ဇန်နဝါရီ ၁၂ ၊ ၁၃ လောက် ပြိုင်ပွဲပြုလုပ်မယ့် ဖိလစ်ပိုင်ကို အရောက်သွားရမှာပါ။
■ မေး - ပြိုင်ပွဲမှာဝတ်မယ့် ဝတ်စုံတွေအတွက်ရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ - ထက်ထက်ဝတ်မယ့် ဝတ်စုံတွေအတွက် Kay Febric ကအစတွေ ပံ့ပိုးပေးပါတယ်။ ဒီဇိုင်နာ ကိုဆန်းဦးက ဖန်တီးပေးမှာပါ။ Evening Gown အတွက်ရော Activities တွေမှာ ဝတ်မယ့် ဝတ်စုံတွေအတွက်ရော စုစုပေါင်းဝတ်စုံ ၃၀ လောက် ရှိပါတယ်။
■ မေး - Talent ပိုင်းကို ရုပ်သေးကပြဖို့ ရွေးဖြစ်တဲ့ အကြောင်းလေး ပြောပြပါဦး။
ဖြေ - ညီမက Talent အပိုင်းဆိုရင် အကုန်လုံး ဝါသနာပါတယ်။ မြန်မာ့ရိုးရာနဲ့ဆိုင်တဲ့ အကတစ်မျိုးမျိုးကို ကပြမယ်လို့ ရည်မှန်းထားတာ။ အဲဒီအချိန်မှာ National Coustume ကို ထက်ထက်မျက်နှာလေး ကပြုံးပြုံးချိုချိုလေးနဲ့ လိုက်ဖက်မယ့် ရုပ်သေးရုပ်ဝတ်စုံလေး လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီတော့ ရုပ်သေးရုပ်ရဲ့ အဓိပ္ပာယ်၊ ရုပ်သေးရုပ် အနုပညာကိုလည်း နိုင်ငံတကာက သိသွားအောင်တော့ National Coustume နဲ့ Talent ပိုင်းကို ဆက်စပ်ပြီးတော့ ရုပ်သေးရုပ် ဝတ်စုံလေးနဲ့ ရုပ်သေးအက ကဖို့ဆုံးဖြတ် ဖြစ်သွားတာ။
■ မေး - ရုပ်သေးရုပ်ဆိုတာက နိုင်ငံခြားသားတိုင်း စိတ်ဝင်စားကြတဲ့ အနုပညာတစ်ရပ်ဆိုတော့ အဲဒီအတွက် ဘယ်လောက်မျှော်လင့်ထားလဲ။
ဖြေ - မျှော်လင့်တာကတော့ အများကြီး မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုကို သူတို့သိသွားအောင် အခုလိုတင်ပြလိုက်ခြင်းအားဖြင့် မြန်မာဆိုတာကို ယဉ်ကျေးမှုနဲ့တွဲပြီး မှတ်မိနေစေမယ်လို့ ယုံကြည်ပါတယ်။ ရုပ်သေးဆိုတာကလည်း နိုင်ငံခြားသားတိုင်း စိတ်ဝင်စား အနုပညာတစ်ခုဖြစ်တော့ ထက်ထက် အနေနဲ့တော့ အများကြီး ထွေထွေထူးထူး မိတ်ဆက်စရာမလိုဘူး။ ဒီအနုပညာကို ဂုဏ်ယူပြီးတော့ပဲ တင်ဆက်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အများကြီးလည်း မျှော်လင့်ထားပါတယ်။
■ မေး - ရှေ့နှစ်တွေမှာလည်း ပြိုင်ခဲ့တဲ့ စီနီယာတွေရှိတော့ သူတို့ရဲ့အားနည်းချက် အားသာချက်တွေကို ဘယ်လိုလေ့လာ ပြင်ဆင်ဖြစ်ခဲ့လဲ။
ဖြေ - ထက်ထက်က အချိန်တစ်နှစ်ကျော်လောက် ရခဲ့တဲ့အခါကျတော့ အချိန်ပိုရတာနဲ့အမျှ လေ့လာပြင်ဆင်မှုတွေလည်း များခဲ့ပါတယ်။ ရှေ့ကစီနီယာတွေက အချိန်သိပ်မရတဲ့ အခါကျတော့ Talent ပိုင်းကို သေချာမပြင်ဆင်နိုင်တာတွေ ရှိခဲ့တယ်။ တခြားသူတို့ ကြုံခဲ့တဲ့အခက်အခဲတွေကိုလည်း သူတို့ဘက်က မျှဝေပေးတာတွေရှိတယ်။ အဲဒါတွေကိုလည်း တတ်နိုင်သလောက် ပြင်ဆင်ခဲ့ပါတယ်။
■ မေး - Swim Suit နဲ့ဓာတ်ပုံတွေလည်း ပရိသတ်အားပေးမှု များတယ်နော်။ Swim Suit နဲ့ယှဉ်ပြိုင်ရတဲ့အပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ ဘယ်လောက်ထိ ပြင်ဆင်ခဲ့ရလဲ။
ဖြေ - Body Beauty ဆိုတာကတော့ အချိန်ရရင်ရသလို ပိုကောင်းတယ်ပေါ့လေ။ အချိန်များများရလေ လေ့ကျင့်မှုများလေ။ လေ့ကျင့်မှုများတာနဲ့အမျှ Confident လည်းပိုရှိလာပါတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေလည်း အများကြီးရှိတဲ့အတွက် ယုံကြည်မှုရှိရှိနဲ့ ပြင်ဆင်ထားပါတယ်။ Swim Suit နဲ့ဓာတ်ပုံရိုက်ထားတာတွေကို အားပေးကြတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ Body Beauty အပြင် ယုံကြည်မှုရှိတဲ့ အလှဖြစ်ဖို့ လိုအပ်ပါတယ်။ စိတ်ထဲမှာကို ယုံကြည်မှု ရှိတာမျိုးပေါ့။ အသားအရေအတွက်လည်း ဂရုစိုက်ဖြစ်တယ်။ အစားအသောက်လည်း ဂရုစိုက်ဖြစ်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ ယှဉ်ပြိုင်တဲ့အခါလည်း မြန်မာမိန်းကလေး တစ်ယောက် ဖြစ်နေပေမယ့်လည်း ကိုယ့်ရဲ့ကျန်းမာလှပတဲ့ ခန္ဓာကိုယ်နဲ့ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခြင်း ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။
■ မေး - နိုင်ငံတကာက အလှမယ်တွေနဲ့အတူ Activities တွေလုပ်မယ်ဆိုတော့ ဘယ်လို အတွေ့အကြုံကောင်းတွေ ရမယ်လို့ထင်လဲ။
ဖြေ - ထက်ကလည်း ပြည့်စုံတဲ့လူတစ်ယောက်လည်း မဟုတ်သေးတဲ့အတွက် လေ့လာသင်ယူစရာတွေကတော့ အများကြီးဖြစ်နေမှာပါ။ မြင်တွေ့နေသူတိုင်းဆီကကို ကိုယ့်မှာမရှိတဲ့ အရည်အသွေ တွေ့တိုင်းလေ့လာ သင်ယူပါတယ်။ ထက်အတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရမယ်လို့ယုံကြည်ပါတယ်။ ထက်ရဲ့စီနီယာတွေဆီက အမြဲတမ်း သင်ယူနေကျဆိုတော့ ပြိုင်ပွဲကာလမှာလည်း အတွေ့အကြုံကောင်းတွေ ယူလာမှာပါ။
■ မေး - ပြိုင်ပွဲမှာ မြန်မာနဲ့ပတ်သက်လို့ ဘယ်လို Image ကောင်းတွေ သယ်ဆောင်လာမယ်လို့ ရည်မှန်းထားလဲ။
ဖြေ - ထက်သာမကဘူး။ ထက်ရဲ့မိသားစု ပတ်ဝန်းကျင်အတွက် အကောင်းဆုံးလုပ်သွားဖို့ ရည်မှန်းထားပါတယ်။ ဘာဆုကြီးယူလာမယ် ဆိုတာတော့ မသေချာမရေရာပဲ ကတိစကားကြီး မပြောချင်ဘူး။ ဆုဆိုတဲ့ အရာထက် မြန်မာဆိုတာကို အားလုံးရဲ့ရင်ထဲမှာ ရှိသွားအောင်၊ မြန်မာဆိုတာ ဘာဆိုတာသိပြီး အားလုံးရဲ့ရင်ထဲက ပေးတဲ့ဆုကိုရအောင် ယူလာမယ်လို့လည်း ကတိပေးပါတယ်။
■ မေး - ပြိုင်ပွဲပြီးသွားရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မလား။
ဖြေ - ထက်ထက် ဝါသနာပါတာရယ်၊ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကလည်း အနုပညာအလုပ် ဖြစ်နေတော့ ဆက်လုပ်ဖြစ်မှာပါ။ ပရိသတ်တွေကလည်း အားပေးတယ်၊ ချစ်ကြတယ်ဆိုတော့ ဆက်လုပ်သွားမှာပါ။ အနုပညာနဲ့ ပတ်သက်တာအားလုံးကို ဆက်လုပ်သွားမှာပါ။ Miss တစ်ယောက်အနေနဲ့လည်း အကောင်းဆုံး ရပ်တည်သွားမှာပါ။ သရုပ်ဆောင် တစ်ယောက်လုပ်ဖို့ အခွင့်အရေး ရခဲ့မယ်ဆိုရင်လည်း လုပ်သွားမှာပါ။ စီးပွားရေး လုပ်ဖြစ်တယ် ဆိုပေမယ့် အနုပညာနဲ့ ပတ်သက်တဲ့ စီးပွားရေးကို အခြေချထားပါတယ်။
■ မေး - အနုပညာနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးဆိုရင်ရော ဘာတွေလုပ်ဖြစ်နေတာလဲ။
ဖြေ - ပွဲတွေစီစဉ်ပေးတဲ့ Event Planner အလုပ်ကိုလုပ်နေတာပါ။ 9 Event Planner လို့ နာမည်ပေးထားပါတယ်။ ပွဲစီစဉ်ပေးတဲ့ အပြင်ပွဲနဲ့ ပတ်သက်တဲ့ Lighting တွေ၊ Stage တွေ၊ မော်ဒယ်လ်တွေစတဲ့ လိုအပ်တာတွေ အားလုံးကို ပံ့ပိုးပေးနေပါတယ်။
■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။
ဖြေ - ပရိသတ်ရဲ့ အားပေးချစ်ခင်မှုနဲ့ပဲ ထက်ထက် အကောင်းဆုံး ကြိုးစားနေတာပါ။ ထက်ထက်လည်း ရှေ့ဆက်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။