အကြမ်းဖက်သမားများနှင့် ပတ်သက်သော အကြောင်းအရာများ ပျံ့နှံ့မှုကို လျှော့ချရန်အတွက် Facebook ၊Twitter နှင့် You Tube တို့ ပူးပေါင်းဆောင်ရွက်မည်

အကြမ်းဖက်သမားများနှင့် ပတ်သက်သော အကြောင်းအရာများ ပျံ့နှံ့မှုကို လျှော့ချရန်အတွက် Facebook ၊Twitter နှင့် You Tube တို့ ပူးပေါင်းဆောင်ရွက်မည်
Published 6 December 2016

အွန်လိုင်းတွင် အကြမ်းဖက်မှုနှင့် သက်ဆိုင်သော အကြောင်းအရာများ ပြန့်ပွားနေခြင်းကို လျှော့ချရန်အတွက် အမေရိကန် နည်းပညာကုမ္ပဏီများကြီးဖြစ်သည့် Facebook ၊ Twitter ၊ Google နှင့်  Microsoft တို့က ပူးပေါင်းဆောင်ရွက်မည်ဟု ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့ကြသည်။
အကြမ်းဖက်မှုကို အားပေးသော ဓာတ်ပုံများ၊ ဗီဒီယိုများအား ဖယ်ရှားရန်အတွက် ယင်းအကြောင်းအရာများ၏ ဒီဂျစ်တယ် လက်ဗွေများ ပါဝင်သည့် အချက်အလက် ဘဏ် တည်ထောင်ရန် ရည်ရွယ်ထားကြောင်း ယင်းကုမ္ပဏီများက ကြေညာခဲ့သည်။ ယင်း အချက်အလက်ဘဏ်မှ အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ဒီဂျစ်တယ် လက်ဗွေရာများကို အချင်းချင်း မျှဝေသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သက်ဆိုင်ရာ နည်းပညာစင်များတွင် အကြမ်းဖက်မှုနှင့် သက်ဆိုင်သော အကြောင်းအရာများကို သတ်မှတ်ဖော်ထုတ်ရန်အတွက် သတင်းအချက်အလက်များ မျှဝေကြမည်ဟု ၎င်းတို့က ဆိုသည်။ မျှဝေသုံးစွဲသော အချက်အလက်ဘဏ်သို့  ပေးပို့ရမည့် အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ဗီဒီယို၊ ဓာတ်ပုံများနှင့် ပတ်သက်၍  ကုမ္ပဏီတစ်ခုချင်းစီက ဆုံးဖြတ်ကြမည်ဖြစ်သည်။
အမေရိကန်၊ ပြင်သစ်နှင့် အခြား ကမ္ဘာ့နိုင်ငံများမှ အစိုးရများက အွန်လိုင်းတွင် အကြမ်းဖက်မှုနှင့် ပတ်သက်သော အကြောင်းအရာများ ပျံ့နှံ့နေမှုကို ဟန့်တားရန်အတွက် နည်းပညာကုမ္ပဏီများက ပို၍အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းနေကြသည်။ ခေါင်းဖြတ်သည့် ဗီဒီယိုများနှင့် အခြားရက်စက်သော လုပ်ရပ်များကို ဖော်ပြသည့် ဗီဒီယိုများအား အကြမ်းဖက်သမားများက လူသစ် စုဆောင်းရေးအတွက် အသုံးပြုနေကြသည်။
Facebook ၊ Google နှင့် Twitter တို့ သည် အကြမ်းဖက်မှုအတွက် တာဝန်ရှိကြောင်း ၂၀၁၅ ခုနှစ်က ပါရီတိုက်ခိုက်မှုများတွင် ဓားစာခံဖြစ်ခဲ့သူတစ်ဦး၏ ကိုယ်စားပါရီတွင် တရားစွဲဆိုထားမှု တစ်ခုရှိသည်။ ဇွန်လက စွဲဆိုခဲ့သော ယင်းတရားစွဲဆိုမှုတွင် Faceboo ၊ Google နှင့် Twitter တို့သည် IS ကဲ့သို့ အကြမ်းဖက်မှုများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း စွဲဆိုထားသည်။ ပါရီတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ တိုက်ခိုက်မှု၌ သေဆုံးခဲ့သူများတွင် သမီးဖြစ်သူကို ဆုံးရှုံးခဲ့သော ရေဒါဒိုဂွန်ဇာလက်က ယင်းနည်းပညာကုမ္ပဏီသုံးခုသည် အကြမ်းဖက်မှုနှင့် ပတ်သက်သော ဝါဒဖြန့်ချိမှုများ ပျံ့နှံ့ရန်အတွက် ၎င်းတို့၏ လူမှုကွန်ရက်ကို IS တို့အား သိသိနှင့် အသုံးပြုခွင့်ပေးခဲ့သည်ဟု စွဲဆိုထားသည်။
အွန်လိုင်းတွင် အမုန်းတရားများ ပြောဆိုမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အမေရိကန် နည်းပညာကုမ္ပဏီများက ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်ရန် ဥရောပကော်မရှင်က တောင်းဆိုခဲ့ချိန်တွင် အမေရိကန် နည်းပညာကုမ္ပဏီ လေးခု ပူးပေါင်းဆောင်ရွက်မည့် ကြေညာချက်ထုတ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လူမျိုးရေး ခွဲခြားမှုများ၊ ရန်စလှုံ့ဆော် ပြောဆိုမှုများအကြောင်းကို သတင်းပေးပို့ ပြီးနောက် ၂၄ နာရီအတွင်း အရေးယူဆောင်ရွက်မည်ဟု နည်းပညာကုမ္ပဏီများက လွန်ခဲ့သည့် ခြောက်လတွင် ကတိပြုထားခဲ့ပြီး ယင်းကတိကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း မရှိကြောင်း ဥရောပသမဂ္ဂ၏ တရားရေးကော်မ ရှင်နာဗီယာယိုဟိုဘာက ပြောကြားခဲ့သည်။ နည်းပညာကုမ္ပဏီများက လျင်မြန်စွာတုံ့ပြန်ခြင်းကို မဆောင်ရွက်လျှင် လျင်မြန်စွာ အရေးယူမှုများအတွက် ဥပဒေများ ပြဋ္ဌာန်းသွားမည်ဟု သူက ပြောကြားခဲ့သည်။  Ref ; AFP

Most Read

Most Recent