ပါကစ္စတန်သည် မကြေညာသော စစ်ပွဲဆင်နွှဲနေသည်ဟု အာဖဂန်သမ္မတ ဝေဖန်

ပါကစ္စတန်သည် မကြေညာသော စစ်ပွဲဆင်နွှဲနေသည်ဟု အာဖဂန်သမ္မတ ဝေဖန်
Published 5 December 2016

ပါကစ္စတန်သည် မကြေညာဘဲ စစ်ပွဲတစ်ပွဲ ဆင်နွှဲနေကြောင်းနှင့် အာဖဂန်နစ္စတန် အစိုးရကိုတိုက်ခိုက်နေသည့် တာလီဘန်သူပုန်များသည် အိမ်နီးချင်း ပါကစ္စတန်တွင် ခိုလှုံစရာနေရာမရှိလျှင် တစ်လပင်ကြာအောင် ရပ်တည်နိုင်မည် မဟုတ်ကြောင်း အာဖဂန်သမ္မတ အရှရစ်ဂါနီက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။                                  
အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးအတွက် ပါကစ္စတန်က အကူအညီပေးမည်ဟု ကတိပေးခဲ့သည့် ဒေါ်လာသန်း ၅၀၀ ကို အစွန်းရောက်မှု တိုက်ဖျက်ရေးတွင် အသုံးပြုပါက ပိုမိုသင့်တော်ကြောင်းလည်း ဂါနီက တိုက်တွန်းပြောကြားခဲ့သည်။ “ပါကစ္စတန်နဲ့ ထက်ထက်သန်သန် ပူးပေါင်းမှုတွေ လုပ်နေပေမယ့်  ကြေညာမှု မရှိတဲ့ဒီစစ်ပွဲဟာ အားမပျော့သွားတဲ့အပြင် ၂၀၁၆ ခုနှစ်ထဲမှာ အထူးအင်အား ကောင်းလာပါတယ်။ တာလီဘန်ရဲ့ အဓိကပုဂ္ဂိုလ်တစ်ဦးကလည်း ပါကစ္စတန်မှာ ခိုလှုံစရာ နေရာတစ်ခုမရှိဘူးဆိုရင် သူတို့ရဲ့ တာလီဘန်လှုပ်ရှားမှုဟာ တစ်လတောင်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်” ဟု ဂါနီက ဆိုခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်းနိုင်ငံများကြား၌ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းမှုများ ပိုမိုခိုင်မာလာစေရေးအတွက် ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသော Heart of Asia -Istanbul Process ၏ ခြောက်ကြိမ်မြောက် ဝန်ကြီးများညီလာခံတွင် သမ္မတဂါနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ အမ်ရစ်ဆာမြို့တွင် ပြုလုပ်ခဲ့သော ထိုညီလာခံသို့ ပါကစ္စတန်၊ တရုတ်၊ ရုရှား၊ တူရကီတို့ အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယသည် အာဖဂန်သို့ အကူအညီပေးနေသော ပဉ္စမမြောက်အများဆုံး အလှူရှင် နိုင်ငံဖြစ်ပြီး တာလီဘန်အစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း အိန္ဒိယအစိုးရသည် အာဖဂန်အစိုးရသို့ ဒေါ်လာ နှစ်ဘီလျံထက်မနည်း ထောက်ပံ့ခဲ့သည်။ ဒီဇင်ဘာ ၄ ရက် ညီလာခံတွင်လည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အိန္ဒိယသည် ငြိမ်းချမ်းရေးကို ဆက်လက်ပံ့ပိုးပေးမည်ဟု ကတိပြုပြီး ဒေသတွင်း၌ ပါကစ္စတန်၏ ရပ်တည်ပုံအပေါ် သွယ်ဝိုက်ဝေဖန်ခဲ့သည်။ “အကြမ်းဖက်မှုနဲ့ ပြင်ပက သွေးထိုးတဲ့ မတည်ငြိမ်မှုတွေဟာ အာဖဂန်တည်ငြိမ်ရေးအတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကို ပြတ်ပြတ်သားသား လုပ်ရပ်နဲ့ ပံ့ပိုးပေးရပါမယ်။ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုရုံနဲ့ မရပါဘူး။ အကြမ်းဖက် သမားတွေကို ထောက်ပံ့တာ၊ အကာအကွယ် ပေးထားတာ၊ လေ့ကျင့်ပေးတာ၊ ငွေကြေးထောက်ပံ့တာတွေကိုပါ ဆန့်ကျင်ရပါမယ်” ဟု မိုဒီက ပါကစ္စတန်ကို သွယ်ဝိုက်ရည်ညွန်းခဲ့သည်။
တာလီဘန်တို့ကို ရှေးယခင်ကတည်းက ထောက်ပံ့ပေးသူဖြစ်သည့် ပါကစ္စတန်သည် အာဖဂန်အတွင်းမှ သူပုန်ထမှုများ အထူးသဖြင့် အိန္ဒိယနှင့်ဆိုင်သော ပစ်မှတ်များကို တိုက်ခိုက်မှုများအား ပံ့ပိုးပေးနေသည်ဟု စွပ်စွဲခံနေရသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။ Ref ; AFP         

Most Read

Most Recent