၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အကူအညီ ဒေါ်လာ ၂၂ ဒသမ ၂ ဘီလျံ ရရှိရန် ကုလသမဂ္ဂ ကြိုးပမ်း

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အကူအညီ ဒေါ်လာ ၂၂ ဒသမ ၂ ဘီလျံ ရရှိရန် ကုလသမဂ္ဂ ကြိုးပမ်း
Published 5 December 2016

ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် သဘာဝဘေး အန္တရာယ်များ ထိခိုက်ခံစားခဲ့ရသူ အရေအတွက် မြင့်တက်လာစဉ် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စံချိန်တင်အကူအညီ ဒေါ်လာ ၂၂ ဒသမ ၂ ဘီလျံ (ယူရို ၂၀ ဒသမ ၉ ဒေါ်လာ) ပေးအပ်ရန် ကုလသမဂ္ဂက ဒီဇင်ဘာ ၅ ရက်တွင် မေတ္တာရပ်ခံခဲ့သည်။ လူသားချင်း စာနာမှုအကူအညီ လိုအပ်သူ ပို၍များပြားလာကြောင်း၊ အထူးသဖြင့် ရှည်ကြာသော ပဋိပက္ခများသည် ပို၍ ပို၍ ကြာမြင့်လာ၍ ဖြစ်ကြောင်း ကုသလမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေး ရေးအကြီးအကဲ စတက်ဖင်အိုင်ဘရိုင်ယန်က ဒီဇင်ဘာ ၅ ရက် က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ မှ အကူအညီများ လိုအပ်နိုင်သည်ဟု ယူဆရသူ ၁၂၉ သန်းနီးပါးအနက် အလွန်အမင်း အန္တရာယ်ကြုံတွေ့နိုင်ဆုံး ၉၂ ဒသမ ၉ သန်း နီးပါးအား ကူညီရန်အတွက် ကုလသမဂ္ဂ အေဂျင်စီများနှင့် အခြားအကူအညီပေးရေး အဖွဲ့များက ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေတောင်းခံခဲ့ခြင်း ဖြစ်သည်။ အကူအညီ လိုအပ်သူအရေအတွက်သည် အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေသော ဆီးရီးယား၊ ယီမင်နှင့် အာဖဂန်ကဲ့သို့ နိုင်ငံသုံးနိုင်ငံတို့ကြောင့် တစ်ရှိန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ယင်းသုံးနိုင်ငံတွင် အကူအညီ လိုအပ်သူ အရေအတွက်သည် အကူအညီလို နေသူစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။
ကုလသမဂ္ဂ စတင်ထူထောင်ခဲ့ပြီးနောက်ပိုင်း ယခင်နှစ်များထက် ဒုက္ခကြုံတွေ့နေသူများအား ပို၍ ကယ်တင်နိုင်ခဲ့သည့်၊ ကာကွယ်နိုင်ခဲ့သည့်၊ ထောက်ပံ့နိုင်ခဲ့သည့် ၂၀၁၆ ခုနှစ်အတွက် ကုလသမဂ္ဂက နိုင်ငံတကာ အကူအညီ ဒေါ်လာ ၂၀ ဒသမ ၁ ဘီလျံအထိ စံချိန်တင် တောင်းခံခဲ့သည်။ လာမည့်နှစ်အတွက် ကုလသမဂ္ဂက အကူအညီဒေါ်လာ ၂၂ ဒသမ ၁ ဘီလျံအထိ ပေးအပ်ရန် တိုး၍တောင်းဆိုခဲ့သည်။ ယခုနှစ်တွင် အကူအညီ ပေးရေးအစီအစဉ်များအတွက် အလှူရှင်များက ဒေါ်လာ ၁၁ ဒသမ ၄ ဘီလျံသာ ထည့်ဝင်ထားကြောင်း သိရသည်။
ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များသည် မကြာခဏ ဖြစ်ပွားမှုနှင့် ပို၍ ပြင်းထန်လာမှုများနှင့်အတူ လူသားချင်း စာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များအား ပို၍ပင် ဆိုးရွားစေခဲ့ကြောင်း ဘရိုင်ယန်က ပြောကြားခဲ့သည်။ အကူအညီ လိုအပ်မှုများသည် ဆယ်စုနှစ်နှင့်ချီ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ကုလသမဂ္ဂက ပြီးခဲ့သော ၂၅ နှစ် (၁၉၉၂ ခုနှစ်) က ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ အကူအညီတောင်းခံစဉ်က ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသာ ရှိခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် မတ်တွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၃၀၀၀၀၀ ကျော်နှင့် လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဆီးရီးယား ပြည်တွင်းစစ် ပဋိပက္ခအတွက် ယခုတောင်းခံသည့် ရန်ပုံငွေမှ ဝေစုအများဆုံးကို သုံးစွဲမည်ဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင်း အကူအညီလို အပ်သူများအတွက် အကူအညီဒေါ်လာ ၃ ဒသမ ၄ ဘီလျံနှင့် ဒေသတွင်းရှိ နိုင်ငံများသို့ ခိုလှုံထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ပြုသည့် နိုင်ငံများအတွက် အကူအညီ နောက်ထပ်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံ လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သော တောင်ဆူဒန်ရှိ အကူအညီ လိုအပ်နေသူများအတွက် အကူအညီစုစုပေါင်း ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ သုံးစွဲရမည် ဖြစ်ကြောင်း၊ ယီမင်ပြည်တွင်းစစ် ပဋိပက္ခအတွင်း ထိခိုက်ခံစားခဲ့ရသူများအား ကူညီရန် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ Ref ; AFP

Most Read

Most Recent