အယောင်ဆောင်ပွဲစားများကြောင့် နီပေါကျောင်းသားများ၏ ပြည်ပပညာရေးအိပ်မက်များ ပျက်စီးခဲ့ရ

အယောင်ဆောင်ပွဲစားများကြောင့် နီပေါကျောင်းသားများ၏ ပြည်ပပညာရေးအိပ်မက်များ ပျက်စီးခဲ့ရ
Published 4 December 2016
Ref:AFP

စားဖိုမှူးတစ်ဦးဖြစ်ရန် ဆန္ဒပြင်းပြနေခဲ့သည့် ဘီဂျေရှာရက်စ်သာသည် နိုင်ငံတကာအသိအမှတ်ပြု ဒီဂရီတစ်ခုနှင့် အလုပ်အတွေ့အကြုံများရပြီး လစာကောင်းသော အသက်မွေးဝမ်းကျောင်း တစ်ခုရရှိရေး ရည်မှန်းချက်အတွက် ပြီးခဲ့သည့်နှစ်က နီပေါနိုင်ငံမှ ထွက်ခွာခဲ့ပြီး ကာရစ်ဘီယန် ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် စိန့်လူစီယာသို့ သွားရောက်ခဲ့သည်။ သို့သော် ရှာရက်စ်သာသည် စိန့်လူစီယာတွင် ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲမွဲတေစွာဖြင့် ၁၄ လတိုင်တိုင်နေထိုင်ခဲ့ရပြီးနောက် အရည်အချင်းပြည့်ကြောင်း လက်မှတ်နှင့်ပိုက်ဆံ တစ်ပြားတစ်ချပ်မှမပါဘဲ နီပေါသို့ ပြန်ရောက်လာခဲ့သည်။
နိုင်ငံတကာအဆင့်မီ ကောလိပ်ဝင်ခွင့်နှင့် ဗီဇာရရှိရေးအတွက် ကူညီပေးမည်ဆိုသော ကတိပေးခဲ့သည့် လူလိမ်ပွဲစားများထံ ဒေါ်လာထောင်နှင့်ချီ၍ ပေးခဲ့ရသည့် နီပေါကျောင်းသား ရာပေါင်းများစွာထဲတွင် ရှာရက်စ်သာလည်း တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ ထိုပွဲစားများမှာမူ ကျောင်းသားများကို ပြည်ပရှိ အတုအယောင်ကောလိပ်များထံသို့ပို့ကာ ပိုက်ဆံများယူ၍ ပျောက်သွားခဲ့ကြသည်။
နေရပ်တိုင်းပြည်တွင်ရသော ပညာရေးထက် ပိုမိုကောင်းမွန်သောပညာကို သင်ကြားရန် ပြည်ပနိုင်ငံများသို့ သွားရောက်ရေးအတွက် နည်းလမ်းရှာနေကြသည့် ကျောင်းသားများကို ကူညီပေးရန် နီပေါတွင် ပညာရေး အတိုင်ပင်ခံလုပ်ငန်းများမှာ မှိုပေါက်သကဲ့သို့ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းမှာပင် အဆင်မြင့်ပညာရေးအတွက် နီပေါနိုင်ငံမှ ကျောင်းသား ၃၈၀၀၀ ကျော်ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ယင်းတို့ထဲမှအချို့မှာ ထိုအဆင့်မြင့်ပညာရေးအား လုံးဝမတွေ့ကြုံခဲ့ရပေ။
ရှာရက်စ်သာ၏ ပညာရေးအိပ်မက်များသည် စိန့်လူစီယာသို့ ရောက်သွားပြီးနောက် အငွေ့ပျံခဲ့ရသည်။ နိုင်ငံတကာ အသိအမှတ်ပြုဒီပလိုမာတစ်ခု၊ လုပ်ခရသော သင်တန်းကာလနှင့် နောက်ဆုံးတွင် အမေရိကန်အခြေစိုက် ကောလိပ်တစ်ခုသို့ ရွှေ့ပြောင်းပညာသင်ယူရမည်ဆိုသည့် ကတိများဖြင့် ရှာရက်စ်သာသည် Lambirds Academy သို့ရောက်ရှိလာခဲ့သည်။ သို့သော် ထို Lambirds Academy မှာ စာသင်ခန်းသုံးခန်းသာပါပြီး ပရိဘောဂ ကျိုးတိုးကျဲတဲ ထားရှိထားသော နှစ်ထပ်အဆောက်အအုံ တစ်လုံးသာဖြစ်နေခဲ့သည်။ “ကျွန်တော် ကြက်သေသေသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာလုပ်နိုင်မှာလဲ။ အိမ်ကမိဘတွေက ဒီမှာအခုလိုလာပြီး စာသင်နိုင်ဖို့ ပိုက်ဆံတွေ အရမ်းကုန်ခဲ့ပြီးပြီလေ” ဟု ရှာရက်စ်သာကဆိုသည်။
ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်သည့် ထောင်နှင့်ချီသော နီပေါများအနက် အများစုမှာ အရှေ့တောင်အာရှနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် အိမ်အကူနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်ရန်ဖြစ်သည်။ ၎င်းတို့ပြန်ပို့ပေးသော ငွေကြေးသည် နိုင်ငံ၏စီးပွားရေးအတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်နေပြီး ဂျီဒီပီ၏ ရာခိုင်နှုန်း ၃၀ အထိရှိနေသည်။ ပြည်ပတွင် သွားရောက်လုပ်ကိုင်သော အလုပ်သမား အမြောက်အမြားထံမှ နှစ်ပေါင်းများစွာ အကျိုးအမြတ်ယူနေသည့် လူလိမ်ပွဲစားများသည် နောက်ပိုင်းတွင် နိုင်ငံခြားမှ ဒီဂရီများရရန် အိပ်မက်မက်နေသော မျိုးဆက်သစ်ကျောင်းသားများထံ ဦးလှည့်လာကြသည်။ 
မြို့တော်ခတ္တမန္ဒူ၏ အဓိကလမ်းမကြီးတစ်ခုပေါ်၌ အစီအရီဖွင့်ထားသော ပညာရေးအတိုင်ပင်ခံ လုပ်ငန်းများသည် လွယ်ကူသောဗီဇာဖြင့် နိုင်ငံတကာကောလိပ်များ၌ တက်ရောက်ရမည်၊ ဗီဇာလွယ်လွယ်ကူကူရမည်ဆိုသော ကတိများကို ကြီးမားသောကြော်ငြာ ဆိုင်းဘုတ်ကြီးများဖြင့် ကြော်ငြာထားကြသည်။ သို့သော် ယင်းတို့ထဲမှအနည်းငယ်ကသာ အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများဖြစ်ပြီးအများစုမှာ အယောင်ပြများသာဖြစ်သည်။ ထိုအလိမ်အညာ လုပ်ငန်းများဖြင့် နိုင်ငံခြားသို့ ရောက်သွားသော ကျောင်းသားများသည် ပေးထားသောကတိများနှင့် မညီသည့်ကောလိပ်များတွင် တက်ရခြင်း သို့မဟုတ် ထိုကောလိပ်များမှာ အမှန်တကယ်မရှိခြင်းတို့နှင့် တွေ့ကြုံနေရသည်။
“ဒါကလည်း လူကုန်ကူးမှု တစ်မျိုးပါပဲ။ ကျောင်းသားတွေဟာ နိုင်ငံခြားမှာ သောင်တင်နေရပါတယ်” ဟု ခတ္တမန္ဒူရဲတပ်ဖွဲ့၏ ရာဇဝတ်မှုဌာနချုပ်မှ ဥက္ကဋ္ဌဖြစ်သူ ဆာဗန်ဒရာခါနယ်က ပြောကြားခဲ့သည်။
အလိမ်ခံလိုက်ရသော နီပေါကျောင်းသားများသည် ချီလီ၊ မလေးရှား၊ ဟော်လန် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအနှံ့အပြား၌ သောင်တင်လျက်ရှိသည်။
ရှာရက်စ်သာသည် စိန့်လူစီယာသို့ ရောက်သွားပြီး တစ်လအကြာတွင် အာဏာပိုင်များသည် Lambirds Academy ကိုပိတ်လိုက်ပြီး အိန္ဒိယသုံးဦးနှင့် ဘင်္ဂလားဒေ့ရှ် တစ်ဦးတို့ကို လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးလိုက်သည်။ ထို့ပြင် နီပေါကျောင်းသား ၆၀ ခန့်ကိုလည်း သက်သေအဖြစ် ထိန်းသိမ်းခဲ့ကြသည်။ “ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်တွေ အသိမ်းခံရတယ်။ ကျွန်တော်တို့ စာသင်လို့မရသလို အလုပ်လည်း လုပ်လို့မရဘဲနဲ့ သောင်တင်နေခဲ့ရပါတယ်” ဟု ရှာရက်စ်သာက ပြောကြားခဲ့သည်။
ရှာရက်စ်သာသည် အိမ်သို့ပြန်ခွင့်မရမီအချိန်အထိ အစိုးရစခန်းတစ်ခုတွင် ၁၄ လကြာနေထိုင်ခဲ့ရသည်။ ၎င်းပြန်ခွင့်ရသော်လည်း ထိုစခန်းတွင် နီပေါကျောင်းသား ဒါဇင်နှင့်ချီ၍ ကျန်နေသေးကြောင်း သိရသည်။         

Most Read

Most Recent