ဒူဘိုင်းတွင် အိန္ဒိယမိဘများမှ မွေးဖွားသော ကက်ခါရှန်ဘာဆူသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားမှုများ အတွက် ဂုဏ်သိက္ခာ ကြီးမားသော အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။ အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြားမှ သံသယ ရှိနေသော်လည်း ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးတွင် မျှော်လင့်ချက် မစွန့်လွှတ်သင့်ကြောင်း ဘာဆူက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၁၆ နှစ်ရှိ ဘာဆူသည် ၎င်း၏ Green Hope အဖွဲ့အစည်းဖြင့် လုပ်ဆောင်ခဲ့မှုများအတွက် သည်ဟိဂ်ရှိ အခမ်းအနားတွင် ယင်းကဲ့သို့ ဂုဏ်ပြုခံခဲ့ရ ခြင်းဖြစ်သည်။ ယူအေအီးတွင် အခြေစိုက်သော ယင်းအဖွဲ့သည် နိုင်ငံပေါင်း ၁၀ နိုင်ငံ၌ စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ ရည်မှန်းချက် ကြီးမားသော ဘာဆူသည် အသက် ၁၂ နှစ် အရွယ်ကပင် Green Hope အား ထူထောင်ခဲ့ခြင်းဖြစ်ပြီး လေးနှစ်အတွင်း ကိုလံဘီယာ၊ ပြင်သစ်၊ မက္ကဆီကို၊ နီပေါ၊ အိုမန်နှင့် အမေရိကန်တို့တွင် အပင် ၅၀၀၀ စိုက်ပျိုးခြင်း အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် အများအပြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
သစ်ပင်များ စိုက်ပျိုးခြင်း အပါအဝင် Green Hope သည် ယူအေအီးတစ်ဝိုက် လမုတောများအား သန့်စင်ခြင်းကဲ့သို့ အစီအစဉ်များကိုလည်း အာရုံစိုက်ခဲ့ကြောင်း ဘာဆူက ပြောကြားခဲ့သည်။ ကိုကတ္တားရှိ အဘွားဖြစ်သူ၏ အိမ်ခေါင်မိုးပေါ်မှ ဥယျာဉ်ကို အားကျလျက် သဘာဝပတ်ဝန်းကျင်အရေး စိတ်ဝင်စားခဲ့သော ဘာဆူအား ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ မူဟာမက်ယူနွတ်က ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသည့် ကလေးအား Kids-Rights အဖွဲ့က နှစ်စဉ် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ဆုရရှိသည့် ကလေး၏ နေရပ်နိုင်ငံတွင် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံရန် ယူရို ၁၀၀၀၀၀ (ဒေါ်လာ ၁၀၆၀၀၀) ပေးအပ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ









