ဖိလစ်ပိုင်သည် မှန်ကန်သော နည်းလမ်းဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်း ထရန့်က ဒူတာတေးကို ပြောကြား

ဖိလစ်ပိုင်သည် မှန်ကန်သော နည်းလမ်းဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်း ထရန့်က ဒူတာတေးကို ပြောကြား
Published 3 December 2016
Ref:AFP

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်က ဖိလစ်ပိုင် အစိုးရသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို မှန်ကန်သော နည်းလမ်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီ ဂိုဒူတာတေးအား ပြောကြားခဲ့သည်ဟု ဒူတာတေးက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ ဒူတာတေးသည် ဒီဇင်ဘာ ၂ ရက် နှောင်းပိုင်းက ထရန့်အား ဖုန်းခေါ်ဆို၍ ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး ထရန့်က ဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး တိုက်ပွဲကို အောင်မြင်စေကြောင်း တောင်းဆုပြုခဲ့သည်ဟု ဒူတာတေးက ဆိုခဲ့သည်။
ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကြောင့် ဇွန်လနောက်ပိုင်းမှစ၍ သေဆုံးသူ ၄၈၀၀ ခန့် ရှိပြီဖြစ်သည်။ ဒူတာတေး၊ ၇၁ နှစ်၏ မကြုံစဖူး ပြင်းထန်သည့် မူးယစ်ဆေးနှိမ်နင်းမှု စစ်ပွဲကို ကမ္ဘာတစ်ဝန်း၌ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး သမ္မတ ဘာရက်အိုဘားမားက တရားလက်လွန် သတ်ဖြတ်မှုများ ရှိသည်ဆိုခြင်းအတွက် စိုးရိမ်ကြောင်း စက်တင်ဘာတွင် ပြောခဲ့သည်။
ဒူတာတေးနှင့် ဖုန်းပြောခဲ့ပြီးနောက် ထရန့်၏ရုံးက ကြေညာချက်အကျဉ်း ထုတ်ပြန်ခဲ့ပြီး ဒူတာတေးက ထရန့်အား ဂုဏ်ပြုခဲ့ကြောင်းနှင့် အတူတကွ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဒူတာတေးသည် မူးယစ်ဆေး ရာဇဝတ်သားများကို ထောင်ချီသတ်ဖြတ်မည်ဟု ကတိပြုခဲ့ပြီး နောက်မေလ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
မူးယစ်ဆေးသုံးစွဲနေသူ သုံးသန်းခန့်ကို သတ်ဖြတ်ရပါက ပျော်ရွှင်မည်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားထားပြီး သူ၏ဆောင်ရွက်ချက်သည် ဥရောပ၌ ဂျူးများကို သတ်ဖြတ်ခဲ့သော နာဇီခေါင်းဆောင် ဟစ်တလာ၏ ဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။ ဒူတာတေးက အောက်တိုဘာတွင် အမေရိကန်နှင့် လမ်းခွဲမည်ဟု ကြေညာခဲ့ပြီး ဖိလစ်ပိုင်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။
ဒူတာတေး၏ ယင်းတောင်းဆိုမှုက ဝါရှင်တန်နှင့် မနီလာ၏ နှစ် ၇၀ ကြာ မဟာမိတ် ရင်းနှီးမှုအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ ၃ ရက်တွင် ဒူတာတေးက ထရန့်နှင့် အစေးကပ်သော ခံစားမှုကိုရကြောင်း ပြောကြားခဲ့သည်။ ဒူတာတေး၏ ရုံးက ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ဖုန်းပြောနေစဉ် ရယ်မောနေသော ဒူတာတေးကို တွေ့ခဲ့ရပြီး ထရန့်က နယူးယောက်နှင့် ဝါရှင်တန်သို့ လာရောက်ရန် သူ့အား ဖိတ်ခေါ်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒေသတွင်း ထိပ်သီးသို့ ထရန့်က လာရောက် တက်ရောက်ရန်လည်း ပြန်လည် ဖိတ်ကြားခဲ့ကြောင်း ဒူတာတေးက ပြောခဲ့သည်။

Most Read

Most Recent