မတရားခေါင်းပုံဖြတ်မှုများ စွန်းထင်းနေသည့် စားအုန်းဆီများကို နိုင်ငံတကာကုမ္ပဏီများက အသုံးပြုနေကြ

မတရားခေါင်းပုံဖြတ်မှုများ စွန်းထင်းနေသည့် စားအုန်းဆီများကို နိုင်ငံတကာကုမ္ပဏီများက အသုံးပြုနေကြ
Published 30 November 2016
Ref:AFP

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများဖြစ်ပေါ်နေသော အင်ဒိုနီးရှားစိုက်ခင်းများမှထွက်သည့် စားအုန်းဆီများပါဝင်သော လူသုံးကုန်ပစ္စည်းများအား နိုင်ငံတကာမှ ကုမ္ပဏီများက ရောင်းချနေကြသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုဝင်ဘာ ၃၀ ရက်တွင် သတိပေးခဲ့သည်။ ထိုအလုပ်သမား အခွင့်အရေးချိုးဖောက်မှုများထဲတွင် ကလေးအလုပ်သမား အသုံးပြုမှုများ၊ ဓာတုအဆိပ်များကို ထိတွေ့ကိုင်တွယ်ရမှုများ ပါဝင်ကြောင်း သိရသည်။
ဘီစကွစ်မှအစ ခေါင်းလျှော်ရည်၊ မိတ်ကပ် အစရှိသည်အထိ နေ့စဉ်သုံးကုန်ပစ္စည်းအမျိုးမျိုးတွင် စားအုန်းဆီသည် အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ထိုကဲ့သို့ ဝယ်လိုအား မြင့်တက်လာသောကြောင့် ကမ္ဘာပေါ်တွင် ဆီအုန်းအများဆုံးထုတ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ ဆီအုန်းစိုက်ပျိုးမှုကဏ္ဍမှာ ရုတ်ချည်းကြီးထွားလာသည်။ သို့သော် စားအုန်းဆီနှင့် ပတ်သက်၍ကာလရှည်ကြာ အငြင်းပွားစရာများရှိနေခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ပြန်ချက်အသစ်ထဲတွင်လည်း အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။ အလုပ်သမား အခွင့်အရေးချိုးဖောက်သော ဆီအုန်းစိုက်ခင်းများမှ စားအုန်းဆီများကို အသုံးပြုသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကြီးကိုးခုထဲတွင် Kell - ogg's၊ Colgate - Palmolive၊ Unilever တို့လည်း ပါဝင်နေကြောင်းသိရသည်။
ဆူမတ်တြားနှင့် ဘော်နီယိုကျွန်းများပေါ်မှ စင်ကာပူအခြေစိုက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းကြီး Wilmar International ၏ လက်ခွဲလုပ်ငန်းနှစ်ခုနှင့် Wilmar ၏ Supplier လုပ်ငန်းသုံးခုတို့မှ ပိုင်သောစိုက်ခင်းများမှ အလုပ်သမား ၁၂၀ ကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ “ကုမ္ပဏီတွေဟာ သူတို့ထံ ကုန်ပစ္စည်းပံ့ပိုးတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတာတွေကို မျက်ကွယ်ပြုထားပါတယ်။ နာမည်ကြီးတံဆိပ်တွေဟာ ထိတ်လန့်စရာ အကြမ်းဖက်မှုတွေဆီကနေ အကျိုးအမြတ်တွေ ဆက်ပြီးယူနေကြတုန်းပါပဲ။ ဒီတွေ့ရှိချက်ဟာ စူပါမားကတ်တွေမှာ ကျင့်ဝတ်နဲ့အညီ ဈေးဝယ်တယ်လို့ ထင်နေကြတဲ့ စားသုံးသူတွေအားလုံးကို ထိတ်လန့်စေမှာပဲ” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အကြီးတန်းစုံစမ်းစစ်ဆေးသူ မီဂါနာအီဘရာဟင်က ပြောကြားခဲ့သည်။
ထိုဆီအုန်းစိုက်ခင်းများထဲတွင် ရှစ်နှစ်အထိငယ်သော ကလေးများသည် အန္တရာယ်ရှိသောအလုပ်များကို လုပ်နေရသလို အမျိုးသမီးများမှာလည်း သတ်မှတ်ချက်ထက် နည်းသောလုပ်အားခအတွက် နာရီပေါင်းများစွာ အလုပ်လုပ်ရန် ဖိအားပေးခံနေရသည်ဟု သိရသည်။
စားအုန်းဆီထုတ်လုပ်ရေးကဏ္ဍသည် အလုပ်သမားများအခွင့်အရေးကို ကာကွယ်ရန် နှစ်ပေါင်းများစွာပျက်ကွက်မှု၊ ဆီအုန်းများကိုစိုက်ရန် မိုးသစ်တောများကို မီးရှို့မှုတို့အတွက် ယခင်ကတည်းက ကြိမ်ဖန်များစွာ စွပ်စွဲခံနေရသည်။                           

Most Read

Most Recent