ဂျာမန်ထောက်လှမ်းရေး အေးဂျင့်တစ်ဦးသည် အစ္စလာမ္မစ်တစ်ဦး ဖြစ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိ

ဂျာမန်ထောက်လှမ်းရေး အေးဂျင့်တစ်ဦးသည် အစ္စလာမ္မစ်တစ်ဦး ဖြစ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိ
Published 30 November 2016
Ref:AFP

ထောက်လှမ်းရေး အလုပ်လုပ်နေသည့် ဂျာမန်တစ်ဦးသည် အစ္စလာမ္မစ်တစ်ဦးဖြစ်ဖွယ်ရှိသည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း ဂျာမနီပြည်တွင်းလုံခြုံရေး အေဂျင်စီက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဂျာမန်သည် ထောက်လှမ်းရေးဌာနချုပ်ကို တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ကြံစည်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။
အသက် ၅၁ နှစ်အရွယ် ထိုဂျာမန်သည် အရေးကြီးသော သတင်းအချက်အလက်များအား အွန်လိုင်းတွင် ဖြန့်ဝေမှုဖြင့် ဖမ်းဆီးခံထားရသည်။ ဂျာမန်သတင်းစာများတွင် ဖော်ပြချက်အရ ၎င်းသည် နိုင်ငံအနောက်ပိုင်းကိုလုံးမြို့ရှိ ဖွဲစည်းပုံအခြေခံဥပဒေ ကာကွယ်ရေးရုံး (BfV) ရုံးကို ဗုံးခွဲရန်စီစဉ်နေသည်ဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့ကြသည်။
“BfV ရုံးဟာ ရုံးထဲမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲကနေ အစ္စလာမ္မစ်ဖြစ်ဖွယ်ရှိတဲ့ တစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု အေဂျင်စီမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။ သို့သော် အဆိုပါဂျာမန်သည် အစွန်းရောက်အစ္စလာမ္မစ်များနှင့် အဆက်အသွယ်ရှိကြောင်း မည်သည့်အထောက်အထားမျှ မတွေ့ရသေးပေ။
BfV မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အသက် ၅၁ နှစ်အရွယ် အမည်မဖော်လိုသော အမျိုးသားတစ်ဦးသည် အမည်တုများစွာဖြင့် အွန်လိုင်းပေါ်တွင် အစ္စလာမ္မစ်ဆိုင်ရာ မှတ်ချက်များရေးသားနေပြီး အွန်လိုင်းပေါ်၌ စကားပြောဆိုခြင်းဖြင့်လည်း အတွင်းသတင်းများကို ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုအမျိုးသားကို ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးထားပြီးဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ သို့သော်၎င်းသည် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန်စီစဉ်နေသည့် အကြောင်းကို ထိုပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့ခြင်းမရှိဘဲ ရုံးနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် အန္တရာယ်ဖြစ်စေနိုင်သည့် မည်သည့်သက်သေမှ မတွေ့ရှိသေးကြောင်းဆိုသည်။
အိမ်ထောင်ကျပြီး ကလေးများရှိသည့် ထိုအမျိုးသားသည် ၂၀၁၄ ခုနှစ်ကမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။ ၎င်းသည် ဘဏ်တစ်ခုတွင် အလုပ်လုပ်နေရင်းပင် ဂျာမနီနိုင်ငံတွင်းရှိ အစ္စလာမ္မစ်တို့၏ ဖြစ်စဉ်များနှင့် ပတ်သက်သော ထောက်လှမ်းရေးသတင်းများကို အေဂျင်စီအတွက် စုဆောင်းပေးသည့်အလုပ်ကိုလည်း လုပ်ခဲ့သည်။ ၎င်း၏လုပ်ရပ်များကို လွန်ခဲ့သည့် တစ်လကတည်းက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗုံးဖောက်ခွဲတိုက်ခိုက်မှုများနှင့် ဆက်နွှယ်မှုရှိကြောင်း စွပ်စွဲမှုတစ်ချို့ကို ထိုအမျိုးသားက ဝန်ခံခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။
ပါရီနှင့် ဘရပ်ဆဲတွင်ဖြစ်ပွားခဲ့သော ဂျီဟတ်တိုက်ခိုက်မှုကြီးမျိုးသည် ဂျာမနီတွင် ဖြစ်ပွားခဲ့ခြင်းမရှိသေးသော်လည်း ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တိုက်ခိုက်မှုများရှိသလို အချို့သော တိုက်ခိုက်ရန် ကြံစည်မှုဖြစ်စဉ်များကိုလည်း ဟန့်တားနိုင်ခဲ့သည်။

Most Read

Most Recent