သရုပ်ဆောင်ရွှေသမီးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ရွှေသမီးနှင့် တွေ့ဆုံခြင်း
Published 30 November 2016

အနုပညာပျိုးခင်း (၂) မှရွေးချယ်ကာ ဇာတ်ကားများရိုက်ကူးပုံဖော်ပေးနေသူ လူငယ်အနုပညာရှင် သုံးဦးတွင် သရုပ်ဆောင် ရွှေသမီးသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ချိုသာသည့်အပြုံး၊ ထူးခြားလှပမှုတို့ဖြင့် ပရိသတ်သတိထားမိစေသူ သရုပ်ဆောင်ရွှေသမီးအား စာရေးဆရာမင်းသိင်္ခ၏ မနုစာရီဝတ္ထုတွင် မနုစာရီမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ထားကြောင်းကို ဒါရိုက်တာညိုမင်းလွင်က ထုတ်ဖော်ပြောကြားထားခဲ့သည်။ ဆရာမင်းသိင်္ခ စာဖတ်ပရိသတ်များ စိတ်ဝင်စားစောင့်ကြည့်ကြမည့် မနုစာရီ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် ရွှေသမီး၏ ပြင်ဆင်နေမှုများ၊ ယခုနှစ်အတွင်း ဖန်တီးဖြစ်ခဲ့သည့် ဇာတ်ကားများအပေါ် အားရကျေနပ်မှုရှိမရှိနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာအကြောင်းအရာများကို သရုပ်ဆောင်ရွှေသမီးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - မနုစာရီ ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်လို့ဆိုရမယ့် မနုစာရီအနေနဲ့ပါဝင်ဖို့ ဘယ်လိုကမ်းလှမ်းခဲ့တာလဲ။ဖြေ - ဒါကတော့ မနုစာရီ ဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့အခါ အဓိကဇာတ်ကောင်လို့ဆိုရမယ့် မနုစာရီဇာတ်ရုပ်အတွက် ဒါရိုက်တာကိုညိုမင်းလွင်တို့ အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို တိုင်ပင်ဆုံးဖြတ်ပြီးမှ ညီမကိုကမ်းလှမ်းလာခဲ့တာပါ။
■ မေး - အဲဒီကမ်းလှမ်းချက်ကို သိရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ဖြေ - အရမ်းအံ့သြခဲ့ရပါတယ်။ ဒီဇာတ်ကားကို ကိုညိုရိုက်မယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ အဓိကသရုပ်ဆောင်က ကိုယ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ။ ဒီဝတ္ထုကိုရိုက်မယ်ဆိုတဲ့အခါ အမေ့ကိုတောင် မေးကြည့်ဖြစ်သေးတယ်။ မေမေကလည်း အရမ်းကောင်းတယ် ဖတ်ကြည့်ဆိုတော့ ဖတ်ကြည့်မယ်လို့ စိတ်ကူးပဲရှိခဲ့ပါတယ်။ တခြားဘယ်သူဖြစ်နိုင်မလဲဆိုတာမျိုးတောင် တွေးမိနေပါသေးတယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့အခါတော့ အံ့သြဝမ်းသာဖြစ်ရပါတယ်။
■ မေး - မနုစာရီက အရမ်းအောင်မြင်ခဲ့တဲ့ဝတ္ထုဆိုတော့ တာဝန်ကြီးတယ်လေ။ အဲဒီအတွက် ဘယ်လိုညှိနှိုင်းမှုတွေလုပ်ထားလဲ။ဖြေ - ဟုတ်ပါတယ်။ ဒီဝတ္ထုက အရမ်းအောင်မြင်ခဲ့တဲ့ ဝတ္ထုဆိုတော့ ပြင်ဆင်စရာတွေကတော့ အများကြီးပါပဲ။ ညှိနှိုင်းမှုဆိုရင်တော့ ရိုက်ရက်ဆိုလည်း တစ်ယောက်နဲ့တစ်ယောက် ညှိပြီးတော့ ရိုက်ရက်ကိုသေချာလေး အချိန်ယူပြီးရိုက်ရမှာပါ။ အဝတ်အစားပိုင်းနဲ့ မိတ်ကပ်ပိုင်းကိုတော့ ဒါရိုက်တာကိုညိုမင်းလွင်တို့ကပဲ တာဝန်ယူပေးထားပါတယ်။ ကျန်တဲ့ကာရိုက်တာနဲ့ ပတ်သက်လို့ပဲ လေ့လာစရာတွေရှိပါမယ်။ သင်ယူစရာလေးတွေလည်း ရှိပါသေးတယ်။
■ မေး - ဒီဝတ္ထုမှာ မနုစာရီမင်းသမီးက လရောင်လှုံတဲ့ဇာတ်ဝင်ခန်းက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်နေတော့ ဒါကိုပုံဖော်ဖို့အတွက်ဆိုရင်ရော ကြိုတင်ညှိနှိုင်းတာမျိုးရှိလား။ဖြေ - ရှိပါတယ်။ အဲဒီဇာတ်ဝင်ခန်းက မဖြစ်မနေကို ဒီဇာတ်ကားမှာပါရမယ့် ဇာတ်ဝင်ခန်း ဖြစ်နေတယ်။ ဒီအတွက် ဒါရိုက်တာကိုညိုကလည်း သေချာလေးပြင်ဆင်နေပါတယ်။ ပရိသတ်တွေကအစ ဒါနဲ့ပတ်သက်လို့ စိတ်ဝင်စားကြတယ်။ ဒီဇာတ်ရုပ်အတွက် ကမ်းလှမ်းကတည်းက ဒီဇာတ်ဝင်ခန်းပါမယ်ဆိုတာ သေချာလေးပြောထားတယ်။ ဒါပေမဲ့ အဆင်ပြေတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးသွားမယ်လို့လည်း ပြောထားပါတယ်။ အဲဒီအတွက် ယုံကြည်မှုလည်း အပြည့်အဝရှိပါတယ်။
■ မေး - ဒီဇာတ်ကားက ညီမလေးအတွက် ထူးခြားတဲ့မှတ်တိုင်လေး တစ်ခုဖြစ်မယ်လို့ထင်လား။ဖြေ - ဖြစ်မှာပါ။ ညီမရဲ့အနုပညာခရီးလမ်းမှာ Record လေးတစ်ခုတော့ဖြစ်မှာပါ။ မြန်မာတစ်နိုင်ငံလုံးက နှစ်သက်အားပေးခဲ့တဲ့ ဒီလိုဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးရာမှာ အဓိကနေရာက ပါဝင်ခွင့်ရတာဖြစ်တဲ့အတွက် မှတ်တိုင်လေးတစ်ခု ဖြစ်မယ်လို့ယုံကြည်ပါတယ်။ ကြီးကြီးမားမား စိတ်ထဲမှာမျှော်လင့်ထားတာမျိုးတော့ မရှိဘူး။ အကောင်းဆုံးကြိုးစားမယ်လို့တော့ ရည်မှန်းထားတယ်။
■ မေး - ဇာတ်ကားက ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။ဖြေ - ဇာတ်ကားက ဇန်နဝါရီမှာစရိုက်မယ်လို့တော့ အကြမ်းဖျင်းသိထားပါတယ်။ ဒီဇင်ဘာထဲမှာ ရိုက်ဖြစ်မယ်လည်း ပြောနေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။
■ မေး - ဒီနှစ်ထဲမှာ ရိုက်ဖြစ်တဲ့ဇာတ်ကားတွေက ပုံစံကွဲပြားတာလေးတွေ ရိုက်ခွင့်ရတယ်ဆိုတော့ ကျေနပ်မှုရှိရဲ့လား။ဖြေ - ကျေနပ်မှုရှိပါတယ်။ ဒီနှစ်ထဲမှာ ရိုက်ခွင့်ရတဲ့ ဇာတ်ကားလေးတွေက ဇာတ်လမ်းတွေလည်း ကောင်းသလို လုပ်ခွင့်ရတဲ့ဇာတ်ရုပ်လေးတွေကလည်း ပုံစံမတူတာလေးတွေ များတယ်။ လုပ်ကွက်ရတဲ့ ဇာတ်ရုပ်တွေလည်းများပါတယ်။ ဆရာတွေကလည်း အများကြီးပဲ တွဲခေါ်ပေးကြပါတယ်။
■ မေး - အနုပညာပျိုးခင်းနဲ့ကရော စာချုပ်သက်တမ်း ပြည့်သွားပြီလား။ဖြေ - အနုပညာပျိုးခင်းနဲ့က စာချုပ်သက်တမ်း မပြည့်သေးပါဘူး။ ဇာတ်ကားအရေအတွက်ကတော့ ပြည့်သွားပြီပေါ့။ ဒါပေမဲ့ ဆရာတွေရဲ့လမ်းညွှန်ချက်အတိုင်းပဲ ဆက်လုပ်ဖြစ်နေပါတယ်။
■ မေး - အခုဖြတ်သန်းပြီးသလောက် အနုပညာခရီးမှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်ဆိုရင် ဘယ်လိုတွေ့မိလဲ။ဖြေ - အားနည်းချက်ကတော့ စကားပြောတဲ့နေရာပေါ့။ စကားသိပ်မပြောတတ်ဘူး။ အမူအရာပိုင်းဆိုရင်လည်း အားနည်းချက်တွေ အများကြီးရှိပါတယ်။ ကိုယ့်လိုအပ်ချက်လေးတွေ ပြန်တွေ့ရင်လည်း ပြုပြင်နိုင်ဖို့ ကြိုးစားပါတယ်။
■ မေး - မြန်မာဇာတ်ကားတွေရဲ့ အနုပညာအရည်အသွေးပိုင်းကိုလည်း ဝေဖန်မှုတချို့ရှိနေတော့ ညီမတို့အနေနဲ့ရော ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မယ်လို့ထင်လဲ။ဖြေ - အဓိကတော့ အမူအရာပိုင်းပေါ့။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့အမူအရာမျိုး လုပ်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ပြီးတော့ အလုပ်ပေါ်ထားတဲ့ လေးစားမှုကလည်း အရေးပါတယ်လို့ ထင်ပါတယ်။ ကိုယ့်အလုပ်ရဲ့ စီနီယာအားလုံးကိုလည်း လေးစားမှုနဲ့ သူတို့ဆီက အတုယူလေ့လာနိုင်ဖို့ ကြိုးစားပါတယ်။
■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။ဖြေ - ညီမကိုအားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်သလို အရမ်းလည်းချစ်ပါတယ်။                         

Most Read

Most Recent