ထိုင်းပါလီမန်က ဘုရင်သစ် တင်မြှောက်ရန် အိမ်ရှေ့မင်းသားအား တရားဝင် ဖိတ်ခေါ်

ထိုင်းပါလီမန်က ဘုရင်သစ် တင်မြှောက်ရန် အိမ်ရှေ့မင်းသားအား တရားဝင် ဖိတ်ခေါ်
၂၀၁၅ ခုနှစ် မေ ၁၃ ရက်က ဘန်ကောက်တွင် ကျင်းပသော လယ်ထွန်မင်္ဂလာ အခမ်းအနား တက်ရောက်နေသည့် အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်း (Photo: AFP)
၂၀၁၅ ခုနှစ် မေ ၁၃ ရက်က ဘန်ကောက်တွင် ကျင်းပသော လယ်ထွန်မင်္ဂလာ အခမ်းအနား တက်ရောက်နေသည့် အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်း (Photo: AFP)
Published 29 November 2016

ထိုင်းပါလီမန်က ဘုရင်သစ် ကြေညာနိုင်ရန်အတွက် အိမ်ရှေ့မင်းသား မဟာဝိဇယလောင်ကွန်းအား နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ဖိတ်ခေါ်ခဲ့ခြင်းဖြင့် ပြီးခဲ့သောလတွင် ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက် ကွယ်လွန်ခဲ့ပြီးနောက် ထီးနန်းဆက်ခံရန် နှောင့်နှေးမှုအတွက် စိုးရိမ်မှုများအား ဖြေရှင်းပေးခဲ့သည်။
ဘူမိဘော ကွယ်လွန်ခဲ့ပြီးနောက် ဝမ်းနည်းမှု အထိမ်းအမှတ် ပြုလုပ်နိုင်ရန်အတွက် ထီးနန်းဆက်ခံမှုအား ရွှေ့ဆိုင်းပေးရန် အိမ်ရှေ့မင်းသားက တောင်းဆိုခဲ့ကြောင်း အာဏာသိမ်း စစ်အစိုးရက အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် ထွက်ပေါ်ခဲ့သော မရေရာမှုများအား ယင်းဖိတ်ခေါ်မှုက အဆုံးသတ်စေခဲ့ပြီဖြစ်သည်။
ထီးနန်းဆက်ခံရန်နှင့် ထိုင်းပြည်သူများ၏ ဘုရင်သစ်အဖြစ် ခံယူရန် အိမ်ရှေ့မင်းသား မဟာဝိဇယလောင်ကွန်းအား ဖိတ်ခေါ်သွားမည်ဟု လုပ်ပိုင်ခွင့်မဲ့ အမျိုးသားဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌ ပွန်ပက်ချ်ဝီချက်ချိုချိုင်းက ပြောကြားခဲ့သည်။ ယင်းနောက် ဥပဒေပြု အမတ်များက ထရပ်ပြီး ‘ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ’ ဟု ကြွေးကြော်ခဲ့ကြသည်။
အစိုးရ အဖွဲ့က ဝိဇယလောင်ကွန်း၏ အမည်အား နိုဝင်ဘာ ၂၈ ရက်တွင် တရားဝင် အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ပါလီမန်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အိမ်ရှေ့မင်းသား နန်းတက်ခြင်းအား နိုင်ငံ၏ လျှို့ဝှက်သော ထီးနန်းဆက်ခံမှု စည်းမျဉ်းများအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင် ပရာဝက်ဝေါင်ဆူဝမ်က ပြောကြားခဲ့သည်။ ယင်းလုပ်ထုံးလုပ်နည်းများအရ ဘုရင်သစ်အဖြစ် မကြေညာမီ ထီးနန်းဆက်ခံရန်အတွက် အိမ်ရှေ့မင်းသားနှင့်အတူ တော်ဝင်ပရိသတ်များအား ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်သည် မနက်ဖြန် သို့မဟုတ် သန်ဘက်ခါတွင် ဖြစ်နိုင်ခြေ ရှိသည်ဟု ပရာဝက်က ပြောကြားခဲ့သည်။ အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဝိဇယလောင်ကွန်းသည် ဘူမိဘော၏နေရာ ဆက်ခံရန် အမည်စာရင်း သွင်းခံရသည်မှာ ဆယ်စုနှစ်လေးခုကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ၎င်းသည် နိုင်ငံပြင်ပ၌ အထူးသဖြင့် ဂျာမနီတောင်ပိုင်းရှိ ၎င်း၏ နေအိမ်တွင်သာ အချိန်အများစု ကုန်ဆုံးခဲ့ကြောင်း သိရသည်။ ဝိဇယလောင်ကွန်းသည် လတ်တလောတွင် ဂျာမနီတွင် နေထိုင်နေဆဲဖြစ်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။
လေယာဉ်မှူး လက်မှတ်ရထားသော ဝိဇယလောင်ကွန်းသည် ဖခင်ဖြစ်သူ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သော လူထုထောက်ခံမှုမျိုးအား မရရှိသေးပေ။ ၎င်းသည် ကွာရှင်းမှု သုံးကြိမ် ပြုလုပ်ထားပြီး မကြာသေးမီက ပေါ်ပေါက်ခဲ့သော ရဲတပ်ဖွဲ့၏ အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံသည် ၎င်း၏ ဇနီးဟောင်း တစ်ဦး၏ မိသားစုနှင့်လည်း ဆက်နွှယ်နေကြောင်း သိရသည်။ ဘူမိဘော ကွယ်လွန်ခဲ့ပြီးနောက် ဝိဇယလောင်ကွန်းသည် နေ့စဉ် ပြုလုပ်နေကျ ဝမ်းနည်းမှု အထိမ်းအမှတ် အခမ်းအနား အချို့ကိုသာ တက်ရောက်ခဲ့ပြီး ပြည်သူသို့ တရားဝင်ကြေညာချက် မထုတ်ပြန်သေးပေ။  
ဖခင်ဖြစ်သူအား မြေမြှုပ်သင်္ဂြိုဟ်မှုအား ကြီးကြပ်ကွပ်ကဲရန် ဝိဇယလောင်ကွန်းက ညီမဖြစ်သူ မင်းသမီး သီရိဒုံအား မေတ္တာရပ်ခံခဲ့ကြောင်းလည်း သိရသည်။
ဘုရင် မိသားစုအား အသရေဖျက်မှုကို ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဥပဒေများဖြင့် ကာကွယ်ပေးထားသော ကမ္ဘာ့အချမ်းသာဆုံးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထိုင်းထီးနန်းအား ဝိဇယလောင်ကွန်းက ဆက်ခံရမည် ဖြစ်သည်။
Ref: AFP

Most Read

Most Recent