တောင်ကိုရီးယား သမ္မတက ရာထူးမှ စော၍ နုတ်ထွက်ရန် ဆန္ဒရှိဟု ပြောကြား

တောင်ကိုရီးယား သမ္မတက ရာထူးမှ စော၍ နုတ်ထွက်ရန် ဆန္ဒရှိဟု ပြောကြား
Published 29 November 2016

နိုင်ငံရေး အရှုပ်တော်ပုံထဲ ကျရောက်နေသော တောင်ကိုရီးယား သမ္မတ ပက်ကွမ်ဟီးက ရာထူးမှ စော၍ ထွက်ခွာရန် ဆန္ဒရှိပြီး ၎င်း၏ ကံကြမ္မာအား ပါလီမန်ကို ဆုံးဖြတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်မရဲ့ သမ္မတ ရာထူးသက်တမ်း လျှော့ချ (နိုင်ခြေ) ဖို့ အပါအဝင် ရာထူးမှ ထွက်ခွာမယ့် ကိစ္စကို အမျိုးသားလွှတ်တော်ကို ဆုံးဖြတ်ခွင့် ပေးပါမယ်” ဟု ပက်က နိုင်ငံသို့ ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးပိုင်းတွင် မည်သည့် အာဏာလစ်လပ်မှု မဆိုနှင့် ဖရိုဖရဲ ဖြစ်မှုအား လျှော့ချနိုင်သော နည်းလမ်းဖြင့် အာဏာလွဲှပေးနိုင်မည့် ဆောင်ရွက်မှုများအား ဥပဒေပြု အမတ်များက ချပြပါက ၎င်းသည် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပက်က ပြောကြားခဲ့သော်လည်း အသေးစိတ် မပြောကြားခဲ့ပေ။
သို့သော် ၎င်း၏ မိန့်ခွန်းသည် အတိုက်အခံများက ထိန်းချုပ်ထားသော ပါလီမန်က သမ္မတပက်အား အရှုပ်တော်ပုံနှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းရန် ကြိုးပမ်းမှုများအား လမ်းလွဲှစေရန် အကွက်ဆင်ခြင်း ဖြစ်သည်ဟု အတိုက်အခံများက ပြောကြားခဲ့ကြသည်။ ပက်အား စွပ်စွဲပြစ်တင်မှု အဆိုကို ဒီဇင်ဘာ ၂ ရက်တွင် အစောဆုံးထား၍ တင်သွင်းရန် အဓိက အတိုက်အခံ ပါတီ သုံးခု၏ ကြိုးပမ်းမှုအား ပက်၏ အာဏာရ ပါတီမှ ဥပဒေပြုအမတ် အချို့ကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။
ပါလီမန်ကသာ ပက်အား စွပ်စွဲပြစ်တင်မှု အဆို တင်သွင်းနိုင်ပါက သမ္မတသည် တာဝန်ထမ်းဆောင်မှုများမှ ချက်ချင်းဆိုင်းငံ့ခံရနိုင်ပြီး ဝန်ကြီးချုပ်က အစိုးရ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ယင်းစွပ်စွဲပြစ်တင်မှု အဆိုအား အတည်ပြုသင့်၊ မသင့်ကို ဆုံးဖြတ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ခြောက်လကြာအထိ အချိန်ယူနိုင်ကြောင်း သိရသည်။
ပက်၏ အာဏာရ Saenuri ပါတီက သမ္မတ၏ မိန့်ခွန်းအား ကြိုဆိုခဲ့ပြီး ၎င်းအား စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းမည့် အစီအစဉ်ကို ရွှေ့ဆိုင်းရန် အတိုက်အခံ ပါတီများအား တောင်းဆိုခဲ့သည်။
သမ္မတ၏ လျှို့ဝှက်လူယုံ တစ်ဦးဖြစ်သည့် အသက် ၆၀ ရှိပြီဖြစ်သော ချွိုင်ဆွန်ဆီသည် ပက်နှင့်ဆက်နွှယ်မှုအား အသုံးချပြီး ဆမ်ဆောင်းနှင့် ဟွန်ဒိုင်း အပါအဝင် ကုမ္ပဏီကြီးများထံမှ အလှူငွေ ဒေါ်လာ သန်း ၆၀ သန်းကျော်အား အကျပ်ကိုင် အလှူခံယူခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး အစိုးရရာထူး မရှိဘဲ နိုင်ငံ့ရေးရာများတွင် ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲခံထားရသည်။
ယင်းအရှုပ်တော်ပုံနှင့် ပတ်သက်၍ နိုင်ငံသို့ တောင်းပန်သည့် တတိယအကြိမ် ရုပ်သံမိန့်ခွန်းတွင် ပက်က ချွိုင်နှင့် ခပ်ခွာခွာ နေခဲ့သည်။ “ကျွန်မက ပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ နိုင်ငံအတွက် ရိုးရိုးသားသား ယုံကြည်ပြီးတော့ စီမံကိန်းတွေကို တွန်းအားပေး လုပ်ခဲ့တာပါ။ အဲဒီ စီမံကိန်းတွေကနေ ကျွန်မ ကိုယ်ကျိုးအတွက် မလုပ်ခဲ့ပါဘူး” ဟု ပက်က ပြောကြားခဲ့သည်။
“ဒါပေမဲ့ (ချွိုင်နဲ့ သူနဲ့ ပတ်သက်သူတွေ) နဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်နွှယ်မှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တာ ကျွန်မရဲ့ အမှားပါ” ဟု သမ္မတက ဝန်ခံပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent