Miss Myanmar World အလှမယ် Bella (ခ) မြတ်သီရိလွင်နှင့် တွေ့ဆုံခြင်း

Miss Myanmar World အလှမယ် Bella (ခ) မြတ်သီရိလွင်နှင့် တွေ့ဆုံခြင်း
Published 29 November 2016
လင်းလင်းခိုင်

ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲများအနက် တစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲသို့ ယခုနှစ်တွင် တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် Miss World ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် Bella (ခ) မြတ်သီရိလွင်မှာ ထူးခြားပေါ်လွင်သည့် ပြုံးအလှ ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုမှု ရရှိထားသူဖြစ်သည်။ နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာသွားပြီး Miss World ပြိုင်ပွဲ၏ Activities များအား ပါဝင်လှုပ်ရှားလျက်ရှိသည့် အလှမယ် Bella (ခ) မြတ်သီရိလွင်နှင့် အကြိုတွေ့ဆုံ၍ ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဖြည့်ထားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - Miss World ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ခဲ့တဲ့ အပိုင်းတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - ဒီပြိုင်ပွဲက ကြံ့ခိုင်မှုကိုလည်း စစ်ဆေးတယ်ဆိုတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် Gym တွေ အချိန်ပေးပြီးဆော့ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်အလှအပအတွက် လေ့ကျင့်ဖြစ်ခဲ့တယ်။ Talent ပိုင်းအတွက် ဆရာခိုင်မြဲသာနဲ့ သီချင်းဆိုတဲ့အပိုင်းကို လေ့ကျင့်ပြင်ဆင်သွားပါတယ်။ Beauty with Purpose ဆုအတွက် မြစ်ကြီးနားမြို့က စစ်ဘေးရှောင်စခန်းတွေ သွားဖြစ်တယ်။ အဲဒီစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် ကျန်းမာရေး၊ အစားအသောက် လိုအပ်တာတွေ ကိုယ်တိုင်ကူညီခွင့်ရခဲ့တယ်။ အထွေထွေဗဟုသုတပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာဒေသတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ တန်ဖိုးထားစရာ အလေ့အကျင့်ကောင်းတွေကို လေ့လာခဲ့ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်လို့လည်း ပိုပြီးကျွမ်းကျင်မှုရှိအောင် အမြဲတမ်း လေ့ကျင့်ဖြစ်ခဲ့ပါတယ်။
■ မေး - Beauty with Purpose ဆုကလည်း အရေးပါတဲ့ဆုဖြစ်တော့ အဲဒီအတွက် ဘယ်လောက်ထိ ပြင်ဆင်သွားဖြစ်လဲ။
ဖြေ - Beauty with Purpose ဆုကတော့ ပရဟိတလှုပ်ရှားမှုအတွက် ရွေးချယ်တဲ့ဆုပေါ့နော်။ ဆုရခဲ့မယ်ဆိုရင်လည်း ရရှိတဲ့အလှမယ် အတွက်ရော၊ ကိုယ်စားပြုနိုင်ငံအတွက်ပါ အရမ်းတန်ဖိုးရှိတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပရဟိတအတွက် လိုအပ်တဲ့နေရာတွေ အများကြီးရှိပေမယ့် ညီမကတော့ လတ်တလောရင်ဆိုင်နေကြရတဲ့ ပြည်တွင်းစစ်တွေနဲ့ပတ်သက်လို့ တတ်နိုင်သလောက် ကူညီပေးချင်တယ်။ ဒါကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားက စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး လိုအပ်တာတွေ ကူညီပေးဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လိုအပ်တာတွေလည်း လှူဒါန်းဖြစ်တယ်။ အားပေးနှစ်သိမ့်စကားတွေလည်း ပြောဖြစ်တယ်။ အဲဒီအတွေ့အကြုံလေးကို ဗီဒီယိုကလစ်ရိုက်ထားပြီး ပြိုင်ပွဲရောက်ရင်ပြဖြစ်မယ်။ အခုလိုနိုင်ငံအသီးသီးက အလှမယ်တွေ တင်ပြလာတဲ့အထဲက ဆုပြန်ရွေးချယ်မှာပါ။
■ မေး - Miss World ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုပြိုင်ပွဲဝင် တစ်ယောက်အနေနဲ့ ဘယ်လိုအရာတွေကို အဓိကပြသသွားချင်လဲ။
ဖြေ - အဓိကတော့ ညီမတို့မြန်မာမိန်းကလေးတွေ ဘယ်လောက်ထိလှလဲ၊ ဘယ်လောက်ထိ ထက်မြက်လဲ၊ အရည်အချင်းပြည့်ဝလဲဆိုတာကို နိုင်ငံတကာကပြိုင်ပွဲဝင်တွေ၊ အကဲဖြတ်ဒိုင်တွေ သိအောင် ယှဉ်ပြိုင်သွားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝပတ်ဝန်းကျင် ဒေသတွေအကြောင်းကို ကမ္ဘာကသူငယ်ချင်းတွေ အားလုံးသိအောင် ပြောပြပေးချင်ပါတယ်။
■ မေး- အရင်နှစ်တွေက ယှဉ်ပြိုင်ခဲ့တဲ့ စီနီယာအစ်မတွေဆီကရော ဘယ်လိုအကြံဉာဏ်ကောင်းတွေရလဲ။
ဖြေ - မနှစ်ကပြိုင်ခဲ့တဲ့ မခင်ရတနာသိန်းမြင့်ဆီကရော မဝိုင်းလေးဆီကပါ အကြံာဏ်တွေရပါတယ်။ ဘာလေးလုပ်လိုက်ရင် ပိုကောင်းမလဲ၊ ဘာတွေလေ့လာသွားသင့်လဲ ဆိုတာတွေကို သူတို့တွေက အကြံပေးကြပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကိုလည်း သူတို့သေချာလေး ပြောပြကြတယ်။ ဒီအစ်မတွေက ညီမထက်လည်း အတွေ့အကြုံတွေ အများကြီးရှိတယ်ဆိုတော့ အစ်မတွေရဲ့ ပြောစကားအတိုင်းပဲ ပြင်ဆင်ဖြစ်ခဲ့ပါတယ်။
■ မေး - Body Beauty Brain ဆိုတဲ့ Miss တစ်ယောက်ရဲ့လိုအပ်ချက်တွေမှာ ညီမအနေနဲ့ဆိုရင်ဘာက အရေးကြီးဆုံးလို့ထင်လဲ။
ဖြေ - ညီမကတော့ စိတ်ထားကောင်းဖို့ အရေးကြီးဆုံးလို့ ထင်ပါတယ်။ လူအများကိုအကောင်းဆုံး ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်ဆံနိုင်ဖို့လည်း လိုတယ်လို့ထင်တယ်။ ကျန်တာတွေကလည်း ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ ဘက်စုံပြည့်စုံမှလည်း Miss ကောင်းတစ်ယောက် ဖြစ်လာမှာပါ။
■ မေး - ညီမလေးကို ထူးခြားတဲ့အပြုံးလေးနဲ့ တွဲပြီးမှတ်မိကြတော့ Miss World ပြိုင်ပွဲမှာရော အဲဒီအပြုံးက ဘယ်လိုအထောက်အကူဖြစ်မယ်လို့ထင်လဲ။
ဖြေ - Miss Myanmar World ပြိုင်ပွဲယှဉ်ပြိုင်တုန်းကလည်း စိတ်ညစ်သည်ဖြစ်စေ၊ ပျော်သည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ အမြဲပြုံးနေဖြစ်တယ်။ ဒီအပြုံးကလည်း ညီမကိုဆုရဖို့ အများကြီး အထောက်အကူပြုတယ်လို့ ထင်တယ်။ နိုင်ငံတကာမှာ သွားပြိုင်တဲ့အခါမှာလည်း အမြဲတမ်းပြုံးနေနိုင်အောင် ကြိုးစားပါမယ်။ ဒိုင်လူကြီးတွေချစ်တဲ့ အပြုံးတွေဖြစ်အောင် ကြိုးစားသွားမှာပါ။
■ မေး - နိုင်ငံတကာမှာ ယှဉ်ပြိုင်တဲ့အခါ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အဲဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ။
ဖြေ - အခက်အခဲတွေကြုံလာတိုင်း ဘုရားများများရှိခိုးတယ်။ မိဘတွေကို အမြဲတမ်းတိုင်ပင်တယ်။ တစ်နေ့တာ ကြုံတွေ့သမျှကိုလည်း အမြဲပြန်ပြောပြဖြစ်တယ်။ အခက်အခဲရှိလာရင် မိဘတွေက အားပေးတယ်။ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အကြံဉာဏ်တွေပေးတယ်။ အဓိကတော့ ပျော်ရွှင်မှုကတော့ မိသားစုပေါ့နော်။ သူတို့နဲ့တိုင်ပင်ပြီးတော့မှ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ပါတယ်။                         

Most Read

Most Recent