ဇင်ဘာဘွေတွင် အစိုးရက အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော ငွေစက္ကူသစ်များ ထုတ်ဝေ

ဇင်ဘာဘွေတွင် အစိုးရက အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော ငွေစက္ကူသစ်များ ထုတ်ဝေ
နိုဝင်ဘာ ၂၇ ရက်က ဇင်ဘာဘွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်နံရံတွင် ငွေစက္ကူသစ်၏  အတု၊ အစစ်ခွဲခြားမှုအား ကြေညာထားသည့် ပိုစတာတစ်ခု (Photo: AFP)
နိုဝင်ဘာ ၂၇ ရက်က ဇင်ဘာဘွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်နံရံတွင် ငွေစက္ကူသစ်၏ အတု၊ အစစ်ခွဲခြားမှုအား ကြေညာထားသည့် ပိုစတာတစ်ခု (Photo: AFP)
Published 28 November 2016
Ref: AFP

အလွန်အမင်း ငွေကြေးဖောင်းပွမှု ပြန်လည်ကြုံတွေ့ရမည်ကို စိုးရိမ်နေချိန်တွင် ငွေသားပြတ်လပ်မှုအား သက်သာရာရစေရန် ကြိုးပမ်းမှုအဖြစ် ဇင်ဘာဘွေအစိုးရသည် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော ဇင်ဘာဘွေ ငွေစက္ကူသစ်များကို နိုဝင်ဘာ ၂၈ ရက်က စတင်ထုတ်ဝေခဲ့သည်။ စီးပွားရေးကျပ်တည်းနေသော တောင်ပိုင်းအာဖရိကနိုင်ငံ ဇင်ဘာဘွေတွင် ၂၀၀၉ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်း မြင့်တက်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ အပါအဝင် အခြားနိုင်ငံခြားငွေကြေး အမျိုးမျိုးကို အသုံးပြုနေခဲ့သည်။ ၂ ဒေါ်လာနှင့် ၅ ဒေါ်လာ ငွေစက္ကူများကို စီးပွားရေးလုပ်ငန်းများနှင့် လက်လီ အရောင်းလုပ်ငန်းများက လက်ခံသုံးစွဲရန် သဘောတူထားကြောင်း ဗဟိုဘဏ်က ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဇင်ဘာဘွေဒေါ်လာ သုံးစွဲမှုကို စွန့်လွှတ်ခဲ့ကြသော ပြည်သူတို့သည် မည်သည့်ငွေကြေးကိုမဆို ဆန့်ကျင်လေ့ရှိကြကြောင်း ဇင်ဘာဘွေ အပတ်စဉ်ထုတ် သတင်းစာ The Standard က အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။ ထို့ပြင် ဈေးကွက်အတွင်း၌ ယုံကြည်စိတ်ချရသော ငွေကြေးသည်သာ ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ယင်းသတင်းစာက ဆိုသည်။
မကြာသေးမီ ကာလများအတွင်း ဒေါ်လာရှားပါးမှုကြောင့် ဇင်ဘာဘွေတွင် သမ္မတ ရောဘတ်မူဂါဘီ အစိုးရက ‘အငှား ကိုယ်ဝန်ဆောင်ငွေ’ ဟု အမည်ပေးထားသည့် ဇင်ဘာဘွေတွင် ထုတ်လုပ်သည့် အမေရိကန် ဒေါ်လာများကို ရိုက်နှိပ်သုံးစွဲခဲ့သည်။
“အစိုးရက ပြဿနာကို ဂရုစိုက်ကူညီ ဖြေရှင်းတာ မလုပ်ဘဲ လက္ခဏာတွေပဲ ကုသနေတယ်။ ဒါက ဘာကိုမှ ဖြေရှင်းပေးမှာ မဟုတ်ဘူး” ဟု ဇင်ဘာဘွေ စီးပွားကျောင်းမှ စီးပွားရေးပညာရှင် အန်ထိုနီဟော်ကင်းက ပြောကြားခဲ့သည်။
ဇင်ဘာဘွေတွင် ငွေထုတ်ယူသူများအား တစ်ပတ်လျှင် ၁၅၀ ဒေါ်လာသာ ထုတ်ယူခွင့်ပြုထားသည်။ ၂၀၀၉ ခုနှစ်က ဇင်ဘာဘွေဒေါ်လာ သုံးစွဲမှုကို စွန့်လွှတ်ခဲ့ပြီးနောက် စီးပွားရေးသည် တည်ငြိမ်လာခဲ့သော်လည်း အစိုးရ၏ မူဝါဒများက ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်လာသောကြောင့် ဇင်ဘာဘွေစီးပွားရေး ပြန်လည်ကျပ်တည်းနေသည်။ ဘဏ်များတွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ယူသူများသည် ညအိပ်စောင့်၍ ငွေထုတ်ယူသည်အထိ ဖြစ်လာခဲ့ပြီး စီးပွားရေးကျဆင်းမှုသည် မကြာသေးခင်လများ၌ ပိုမိုဆိုးရွားလာခဲ့သည်။
ဇင်ဘာဘွေအစိုးရက စစ်သားများနှင့် အစိုးရဝန်ထမ်းများကို အချိန်မီ လစာပေးရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီးနောက် ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ ယခုငွေစက္ကူသစ် ထုတ်ဝေမှုက ယင်းဆန္ဒပြသူများကို ဒေါသထွက်စေမည်ဖြစ်သည်။
ငွေစက္ကူသစ် ထုတ်ဝေမှုကို ကိုင်ရိုအခြေစိုက် အာဖရိက ရင်းနှီးမြှုပ်နှံမှုဘဏ် Africa Export-Import Bankက ကူညီပေးသည့် ဒေါ်လာသန်း ၂၀၀ တန် စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ် ပြန်ခဲ့သည်။

Most Read

Most Recent