ဝန်ကြီးဟောင်း ဦးအုန်းမြင့် ကိုယ်စားလှယ်က တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှုဖြင့် စွဲထားသည့်အမှု ယနေ့ အပြီးသတ်အမိန့်ချမည်

ဝန်ကြီးဟောင်း ဦးအုန်းမြင့် ကိုယ်စားလှယ်က တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှုဖြင့် စွဲထားသည့်အမှု ယနေ့ အပြီးသတ်အမိန့်ချမည်
Published 27 November 2016
အောင်ထက်ခိုင်

ဝန်ကြီးဦးအုန်းမြင့်၏ ကိုယ်စားလှယ် မှ တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁ ဖြင့် စွဲထားသည့် အမှုအား ယနေ့ (နိုဝင်ဘာ ၂၈ ) ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အေးမြမြမျိုးအား ဝန်ကြီးဟောင်း ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်မှ အမှုဖွင့် တိုင်ကြားထားမှုတွင် နိုဝင်ဘာ ၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ အရှေ့ကျောင်းတိုက်ဓမ္မာရုံတွင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး ကြာကန်ကျေးရွာသို့ သွားစဉ် NLD ပါတီဝင်များက ပိတ်ဆို့ထား၍ ရွာတောင်ပိုင်းသို့ ပြန်ထွက်ခဲ့ရာ တောင်ဘက်ဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အစီး ၅၀ ခန့်ဖြင့် ပိတ်ဆို့ထားကြောင်း၊ ပိတ်ဆို့ထားသည့် ကားတစ်စီးတွင်NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုး လိုက်ပါလာသည်ကို တွေ့ရှိခဲ့သဖြင့် ဖြတ်သန်းသွားလာခွင့် မရစေရန် ရည်ရွယ်ချက်ဖြင့် မတရားတားဆီး ကန့်ကွက်မှု ပြုလုပ်ခဲ့သည်
ဟုဆိုကာ ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား အရေးယူပေးရန် ဦးမျိုးချစ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်၏ ကိုယ်စားလှယ်) ကျောက်တန်းမြို့မရဲစခန်းသို့  နိုဝင်ဘာ ၁၁ ရက်က ကျောက်တန်းမြို့မရဲစခန်းသို့ တိုင်ကြားပြီး ရဲစခန်းမှတစ်ဆင့် တရားရုံးသို့ တင်ခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဟောင်း  ဦးအုန်းမြင့်က နေပြည်တော်တွင်  ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို လမ်းပိတ်ဆို့မှု၊ မဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းခဲ့သည့်အမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ အောက်တိုဘာ ၁၈ ရက်တွင် အပြီးသတ် စစ်ဆေးခဲ့ပြီး ကန့်ကွက်လွှာကို ပလပ်ခဲ့ကြောင်း၊ ဦးအုန်းမြင့်အား တရားစရိတ် ကျပ် နှစ်သိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဟောင်း ဦးအုန်းမြင့်ကိုယ်စားလှယ်မှ ရွေးကောက်ပွဲဥပဒေဖြင့် ကျောက်တန်းမြို့နယ် အတွင်းရှိ မဲရုံမှူး ဆရာ/ဆရာမများ၊ NLD ပါတီဝင်များ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲသည့် အမှု ၁၆ မှုရှိပြီး ၁၆ မှု လုံး အမိန့်ချမှတ်ပြီးခဲ့ကြောင်း သိရသည်။