ဖိလစ်ပိုင်ရှိ မြို့တစ်မြို့တွင် IS နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများကို အစိုးရတပ်ဖွဲ့ဝင်များက ဝန်းရံထား

ဖိလစ်ပိုင်ရှိ မြို့တစ်မြို့တွင် IS နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများကို အစိုးရတပ်ဖွဲ့ဝင်များက ဝန်းရံထား
Published 27 November 2016
Ref: AFP

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ မွေးရပ်မြေတွင် လူသေစေနိုင်သော ဗုံးခွဲတိုက်ခိုက်မှု၏ နောက်ကွယ်ရှိ အဖွဲ့တစ်ဖွဲ့မှ အစ္စလာမ္မစ်စစ်သွေးကြွ ၁၀၀ ကျော်ကို နိုဝင်ဘာ ၂၆ ရက်က ဝေးလံသော တောင်ပေါ်မြို့တစ်မြို့တွင် အစိုးရတပ်ဖွဲ့ဝင်များက ဝိုင်းထားခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
IS အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများသည် လူဦးရေ ၁၇,၀၀၀ ခန့်ရှိသည့် ဘူတစ်မြို့ထဲမှ အသုံးမပြုတော့သော အစိုးရ အဆောက်အအုံတစ်ခု၌ ပုန်းအောင်းနေသဖြင့် ထိုမြို့၌ နေထိုင်သူများသည် ထွက်ပြေးခဲ့ကြရသည်ဟု ဖိလစ်ပိုင်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ရက်စ်တီတူတိုပါဒီလာက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်စစ်တပ်သည် Maute အဖွဲ့ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးရန်အတွက် စစ်ဆင်ရေး စတင်ခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးတွင် အမြောက်တပ်နှင့် စစ်ဘက်လေယာဉ်များက မြေပြင်အခြေစိုက် လုံခြုံရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးခဲ့ကြောင်း ပါဒီလာက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် Maute အဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာတွင် စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ယင်းအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ IS တိုက်ခိုက်ရေးသမားများကို သစ္စာခံသည့် တောင်ပိုင်း မင်ဒါနာအိုဒေသရှိ လက်နက်ကိုင် အစ္စလာမ္မစ်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။ သမ္မတဒူတာတေး၏ မွေးရပ်မြေဖြစ်ပြီး မင်ဒါနာအိုကျွန်းပေါ်မှ အကြီးဆုံးမြို့ ဒါဗာအိုတွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သော လူ  ၁၅ ဦးကို သေစေခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုအား စီစဉ်ခဲ့သည်ဟု စွပ်စွဲခံထားရသော Maute အဖွဲ့မှ အဖွဲ့ဝင် သုံးဦးကို ပြီးခဲ့သည့်လက စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်နေခဲ့သည်။
အစိုးရတပ်ဖွဲ့ဝင်များသည်  အခြားဒေသများသို့ တိုက်ပွဲပျံ့နှံ့နိုင်သည့် အလားအလာကို တားဆီးရန်အတွက် Maute အဖွဲ့မှ လက်နက်ကိုင် ၅၀ မှ ၁၀၀ အကြားကို ဝန်းရံထားခဲ့သည်ဟု ဖိလစ်ပိုင်တောင်ပိုင်းဆိုင်ရာ စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဖိုင်မွန်တန်က ပြောကြားခဲ့သည်။ တပ်ဖွဲ့ဝင် အရေအတွက်ကိုမူ အသေးစိတ် မပြောခဲ့ပေ။ ရာဂန်းတောင်တန်း၏ တောင်စောင်းအောက်တွင်ရှိသည့် အဓိကကျသော မွတ်စလင်ကျေးလက်မြို့  ဘူတစ်သည် မနီလာမြို့တောင်ဘက် မိုင် ၅၀၀  အကျော်တွင် ရှိသည်။
ဇွန်လက  စစ်သားလေးဦးနှင့် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့သည့် ၁၀ ရက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့ဝင်များသည် ယင်းမြို့ရှိ  Maute လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ခြိမ်းခြောက် ငွေညှစ်သည့် ဂိုဏ်းတစ်ခုဟု စစ်တပ်က တစ်ချိန်ကဖော်ပြခဲ့သည့် ယင်းအဖွဲ့သည် ဖေဖော်ဝါရီတွင် ဘူတစ်မြို့ရှိ နယ်စွန်နယ်ဖျား တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားခြောက်ဦးနှင့် စစ်သွေးကြွ ၁၂ ဦး သေဆုံးခဲ့ရသည်။ ထိုအဖွဲ့သည် ဧပြီလကလည်း သစ်စက်လုပ်သားနှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့သေးသည်။
အစိုးရခန့်မှန်းချက်များအရ ဖိလစ်ပိုင်တောင်ပိုင်းတွင် မွတ်စလင်ခွဲထွက်ရေး လှုပ်ရှားမှုများက နှစ် ၄၀ ကျော်  ဒုက္ခပေးခဲ့မှုများကြောင့် လူ ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

Most Read

Most Recent