ဥရောပ၏ လေထုညစ်ညမ်းမှုက တစ်နှစ်လျှင် လူပေါင်း ၄၆၇,၀၀၀ ကို အရွယ်မတိုင်မီ သေဆုံးမှု ဖြစ်စေလျက်ရှိ

ဥရောပ၏ လေထုညစ်ညမ်းမှုက တစ်နှစ်လျှင် လူပေါင်း ၄၆၇,၀၀၀ ကို အရွယ်မတိုင်မီ သေဆုံးမှု ဖြစ်စေလျက်ရှိ
Published 27 November 2016
Ref:AFP

ဥရောပတိုက်၏ လေထုအရည်အသွေးသည် ဖြည်းညင်းစွာ တိုးတက်လာနေသော်လည်း ဥရောပတိုက်ရှိ မြို့ကြီးများ၌ နေထိုင်သည့် လူ ၁၀ ဦးလျှင် ကိုးဦးနှုန်းသည် ကျန်းမာရေးကို ထိခိုက်စေသည့် လေများကို ရှူရှိုက်နေရသည်ဟု ဥရောပပတ်ဝန်းကျင်အေဂျင်စီ (EEA) က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှုသည် ဥရောပတိုက် မြို့ပြများတွင် အရွယ်မတိုင်မီ သေဆုံးမှုအတွက် တစ်ခုတည်းသော အကြီးမားဆုံး အကြောင်းရင်းအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ဥရောပနိုင်ငံပေါင်း ၄၁ နိုင်ငံတွင် လူပေါင်း ၄၆၇,၀၀၀ ကို အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေခဲ့ကြောင်း မြို့ကြီးပေါင်း ၄၀၀ ကျော်မှ အချက်အလက်များကို သုံးသပ်ချက်တစ်ရပ်အရ သိရသည်။
“ဥရောပတိုက်မှာ ထုတ်လွှတ်မှု လျှော့ချခြင်းက လေထုအရည်အသွေး တိုးတက်မှုဆီ ဦးတည်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို လက်မခံနိုင်အောင် ထိခိုက်စေမှုကို ရှောင်ရှားနိုင်ဖို့ မလုံလောက်သေးပါဘူး” ဟု အေဂျင်စီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဆက်နွှယ်နေသော ထုတ်ပြန်ချက်၌ EEA ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဟန်းဘရိုင်နစ်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံများအတွင်း အရွယ်မတိုင်မီ သေဆုံးမှုသည် ခန့်မှန်းခြေအားဖြင့် ၄၃၀,၀၀၀ ကျော်ရှိသည်။
ဥရောပတစ်လွှားရှိ စောင့်ကြည့်ရေးစခန်းများမှရရှိသော အချက်အလက်များအရ ၂၀၁၄ ခုနှစ်အတွင်း မြို့နေလူများ၏ ၈၅ ရာခိုင်နှုန်းသည် အဓိကအားဖြင့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မိုက်ခရို အရွယ်အစားရှိ ဖုန်မှုန့်နှင့် ကျပ်ခိုးများ (PM) နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် အဆင့်များ၌ ထိတွေ့နေရသည်။
၁၀ မိုက်ခရွန် သို့မဟုတ် တစ်မီတာ၏ ၁၀ သန်းပုံ တစ်ပုံအရွယ်အစားထက် ပိုမိုသေးငယ်သော PM ၁၀ ရှိ အရာများသည် အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။
ပိုမိုအန္တရာယ် ကြီးမားသောအရာများမှာ PM ၂ ဒသမ ၅ ရှိအမှုန်အမွှားများဖြစ်ပြီး အဆုတ်များနှင့် သွေးစီးဆင်းမှုများအတွင်းအထိပင် ဝင်ရောက်နိုင်သည်။
အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်တွင် ဥရောပသမဂ္ဂနိုင်ငံများအတွင်း မြို့နေလူများ၏ ၁၆ ရာခိုင်နှုန်းသည် ဥရောပသမဂ္ဂက ပစ်မှတ်ထားသည့် အဆင့်ကိုပင် ကျော်လွန်သည့် PM ၁၀ အဆင့်နှင့် ထိတွေ့ရပြီး ရှစ်ရာခိုင်နှုန်းသည် နောက်ဆုံးခံနိုင်ရည်ကို ကျော်လွန်သည့် PM ၂ ဒသမ ၅ အဆင့်နှင့် ထိတွေ့နေရကြောင်း သိရသည်။
“ဥရောပက အဓိကလေထုညစ်ညမ်းစေတဲ့ အရာတွေထုတ်လွှတ်မှုက မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း ကျဆင်းသွားတာမို့ လေထုအရည်အသွေးက တိုးတက်လာပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။                
 

Most Read

Most Recent