အာရှတွင် ဆောက်လုပ်ရေးလုပ်ငန်းများ တစ်ရှိန်ထိုး မြင့်တက်လာခြင်းက ကျားများအတွက် ခြိမ်းခြောက်မှုသစ် ဖြစ်လာဟု လေ့လာမှုတစ်ရပ်က ဖော်ထုတ်

အာရှတွင် ဆောက်လုပ်ရေးလုပ်ငန်းများ တစ်ရှိန်ထိုး မြင့်တက်လာခြင်းက ကျားများအတွက် ခြိမ်းခြောက်မှုသစ် ဖြစ်လာဟု လေ့လာမှုတစ်ရပ်က ဖော်ထုတ်
Published 27 November 2016
Ref:AFP

တောရိုင်းတိရစ္ဆာန်များ ခိုးဖမ်းမှုနှင့် တိရစ္ဆာန်များ၏ စားကျက်မြေများ ပျောက်ဆုံးမှုက ကျားကောင်ရေ တိုးပွားမှုကို ပျက်ပြားစေခဲ့သည်။ သို့သော် လာမည့်နှစ်များတွင် အခြေခံအဆောက်အအုံ စီမံကိန်းများ၏ ခြိမ်းခြောက်မှုသစ်က ကျားများကို အကြီးမားဆုံးအန္တရာယ် ကြုံတွေ့စေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ World Wildlife Fund (WWF) က နိုဝင်ဘာ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
အာရှ၏ကြီးမားသော အခြေခံအဆောက်အအုံ တည်ဆောက်ပြုပြင်မှု လိုအပ်ချက်များက ကျားများနေထိုင်သည့် စားကျက်မြေများကို ရှင်းထုတ်ပြီး ကားလမ်းနှင့် မီးရထားလမ်းများ ကီလိုမီတာ ၁၁,၀၀၀ (မိုင် ၆,၈၀၀) ကျော် ဖောက်လုပ်ဖွယ်ရှိသည်ဟု WWF က ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့သော စီမံကိန်းများသည် ကျားများနေထိုင်သည့် များပြားသောနေရာများကို သိမ်းပိုက်ရန် အလားအလာမရှိသော်လည်း ကျားများ၏စားကျက်မြေများကို ပိုမိုသေးငယ်သွားစေပြီး သီးခြားအစိတ်အပိုင်းများစွာ ဖြစ်လာနိုင်သည်ဟု WWF ၏ The Road Ahead အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကျားများနေထိုင်ရာ တောတောင်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းသည် ၎င်းတို့အမဲလိုက်ရန်အတွက် လိုအပ်သည့်ကျယ်ပြန့်သောနေရာများကို ပိတ်ပင်မှုဖြစ်နေစဉ် ယာဉ်တိုက်မှုများ၊ လူသားများနှင့် ရင်ဆိုင်ရမှုများကြောင့် ကျားများသေဆုံးသည့် အန္တရာယ်သည်လည်း မြင့်တက်ခဲ့သည်။
“အဝေးပြေးလမ်းမအသစ်တွေနဲ့ ပို့ဆောင်ရေးကွန်ရက်တွေကြောင့် ကျားတွေ ကျင်လည်ကျက်စားတဲ့နေရာတွေ ပျက်စီးပြီး လုံးဝအစိတ်အစိတ်အမြွာမြွာ ဖြစ်ခဲ့ရတဲ့ရလဒ်အတွက် တာဝန်ရှိတယ်ဆိုတာနဲ့ ကျားတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာကို လက်ခံဖို့ ဒေသဆိုင်ရာအဖွဲ့တွေ အသင့်ဖြစ်နေပြီလား” ဟု WWF က မေးခွန်းထုတ်ခဲ့သည်။
အာရှတိုက်သည် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အခြေခံအဆောက်အအုံ တည်ဆောက်ပြုပြင်မှု လိုအပ်ချက်များအတွက် ဒေါ်လာ ရှစ်ထရီလျံနီးပါး အသုံးပြုဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ခန့်မှန်းချက်ကို WWF ကကိုးကားဖော်ပြခဲ့သည်။
ဆွစ်ဇာလန်အခြေစိုက် WWF ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သောရာစုနှစ်က ကျားကောင်ရေ ၁၀၀,၀၀၀ ရှိရာမှ ယခုအခါတောထဲတွင် ကျားကောင်ရေ ၄,၀၀၀ အောက်သာရှိတော့သည်ဟု သိရသည်။ ကျန်ရှိနေသည့် တောရိုင်းကျားကောင်ရေသည် အာရှ ၁၂ နိုင်ငံနှင့် ရုရှား၏ အရှေ့ဘက်အစွန်းတွင် ဖြန့်ကြက်နေထိုင်နေသည်။
တောရိုင်းကျားကောင်ရေသည် နှစ် ၁၀၀ အတွင်း ပထမဆုံးအကြိမ် အနည်းငယ်တိုးလာသည့် အထောက်အထားများရှိသော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများက တိရစ္ဆာန်များ၏ လိုအပ်မှုများကို ဦးစားပေးသတ်မှတ်ရန် ပျက်ကွက်ပါက ယင်းတိုးလာသည့်အရေအတွက်သည် ပြောင်းပြန်ဖြစ်သွားနိုင်သည်ဟု WWF က သတိပေးခဲ့သည်။

Most Read

Most Recent