တာလီဘန်ခေါင်းဆောင်များ ပါကစ္စတန်မှ နေရပ်အာဖဂန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြဖွယ်ရှိ

တာလီဘန်ခေါင်းဆောင်များ ပါကစ္စတန်မှ နေရပ်အာဖဂန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြဖွယ်ရှိ
Published 27 November 2016
Ref:AFP

အာဖဂန်နစ္စတန်တွင် ယခုနှစ်အတွင်း ဆင်နွှဲခဲ့သည့်စစ်ပွဲများ၌ အောင်ပွဲများ ရရှိခဲ့ခြင်းအပေါ် အမှီပြုပြီး အာဖဂန်တာလီဘန် ခေါင်းဆောင်များသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ၎င်းတို့ကျင်လည်ကျက်စားခဲ့သည့် ပါကစ္စတန်မှ အမိမြေအာဖဂန်ထဲသို့ အမြဲတမ်းအခြေချရေးအတွက် ပြန်လည်ရွှေ့ပြောင်းခဲ့ကြဖွယ်ရှိသည်။
ထိုဖြစ်စဉ်ကို အတည်ပြုနိုင်ပါက တာလီဘန်တို့သည် အမေရိကန်က ထောက်ပံ့ပေးထားသည့် အာဖဂန်အစိုးရကို ၎င်းတို့၏ ပုန်ကန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ယုံကြည်မှုပြန်ရသွားသည့် အချက်ပြမှု ဖြစ်နိုင်သည်။ သို့သော် တာလီဘန်တို့သည် ၎င်းတို့၏လှုပ်ရှားမှုကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံနေရသော ပါကစ္စတန် အစိုးရနှင့် ခပ်ဝေးဝေးနေရန် ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပြန်သည်။
၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် အမေရိကန်က အာဖဂန်ကို ကျူးကျော်ကာ တာလီဘန်အစိုးရအား ဖြုတ်ချခဲ့ပြီးနောက်  တာလီဘန်ခေါင်းဆောင်များသည် ကွေအက်တာ၊ ကရာချိ၊ ပက်ရှ်ဝါ အစရှိသည့် ပါကစ္စတန်မြို့များ၌ အခြေချနေထိုင်ခဲ့ကြသည်။
တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်က ရှူရာခေါ် ဦးစီးကောင်စီသည် လွန်ခဲ့သည့်လအနည်းငယ်ကတည်းက အာဖဂန်သို့ ပြန်လည်အခြေချခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ သို့သော်လည်း မည်သည့်နေရာ၌ရှိကြောင်းကို မပြောကြားခဲ့ပေ။ တာလီဘန် အရာရှိတစ်ဦးကမူ ရှူရာသည် အာဖဂန်တောင်ပိုင်းရှိ ဟယ်မန်ပြည်နယ်သို့ ရွှေ့ပြောင်းသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တာလီဘန်၏ ခေါင်းဆောင်ပိုင်းတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ပြီး ၎င်းတို့က အာဖဂန်နစ္စတန်တစ်ဝန်းရှိ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသည်။
ဟယ်မန်ပြည်နယ်သည် တာလီဘန်စစ်ဆင်ရေး၏ ရန်ပုံငွေအတွက် ဘိန်းအများဆုံး စိုက်ပျိုးသည့်ဒေသဖြစ်သလို တာလီဘန်တို့၏ ဗဟိုချက်တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အခြားသော တာလီဘန် သတင်းရင်းမြစ်များက တရားရေး၊ လူသစ်စုဆောင်းရေး၊ ဘာသာရေး ကောင်စီများပါ အာဖဂန်တောင်ပိုင်းသို့ ရွှေ့ပြောင်းလာကြပြီဟု ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းပြောကြားချက်များကို အမှီအခိုကင်းကင်းဖြင့် အတည်ပြုရန် မဖြစ်နိုင်ပေ။                                
အာဖဂန်သမ္မတ အရှရစ်ဂါနီ၏ရုံးကလည်း တာလီဘန်တို့ ပြန်လည်ရွှေ့ပြောင်းလာမှုနှင့် ပတ်သက်ပြီး အတည်ပြုမှုမရှိဟု ဆိုခဲ့သည်။
“တာလီဘန်တွေဟာ သူတို့ရဲ့ရှူရာကို အာဖဂန်ဘက်ကို ပြန်ရွှေ့လိုက်ပြီဆိုတဲ့သတင်းကို ဘယ်ထောက်လှမ်းရေးကမှ အတည်မပြုထားပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ တာလီဘန်တွေဟာ အာဖဂန်အပြင်ဘက်က လုံခြုံတဲ့နေရာတွေမှာပဲ ဆက်လှုပ်ရှားနေကြဆဲလို့ ယုံကြည်နေတုန်းပါပဲ” ဟု ဂါနီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရွန်ချာခန်ဆူရီက ပြောကြားခဲ့သည်။
တာလီဘန်တို့သည် မကြာသေးမီက တိုက်ပွဲများ၌ ၎င်းတို့ရရှိခဲ့သည့် အောင်ပွဲများသည် စစ်ပွဲအဆုံးသတ်ရန် အာဖဂန်အစိုးရနှင့် ဆွေးနွေးရာတွင် ၎င်းတို့အတွက် ပိုမိုခိုင်မာသည့် အနေအထားကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကြားမှ ဆွေးနွေးမှုများသည် ယခုနှစ်အစောပိုင်းက ပျက်ပြားသွားခဲ့ပြီးနောက် တိုက်ပွဲများ ပြန်စနေကြခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာတပ်ဖွဲ့များက အာဖဂန်တွင် လုပ်ငန်းများချုံ့ခဲ့ကြပြီးနောက် တာလီဘန်တို့သည် အာဖဂန်တစ်ဝန်းတွင် အခြေချမှုများ ဖြန့်ကျက်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အမြဲတမ်းပြန်လည်အခြေချနိုင်ခြင်းက အာဖဂန်အစိုးရသည် ၎င်းတို့ကိုဖယ်ရှား၍ မဖြစ်နိုင်တော့လောက်အောင် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်နေပြီဆိုသည့် အကြောင်းကို တာလီဘန်နောက်လိုက်များ၊ ယုံကြည်သူများ၊ တိုက်ခိုက်ရေးသမားများကို အသိပေးသကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ဥရောပသမဂ္ဂ၏ အာဖဂန်ဆိုင်ရာ သံအမတ်ကြီး ဖရန့်မိုက်ကယ်မယ်ဘင်က ပြောကြားခဲ့သည်။
အတည်ပြုရန် ခက်ခဲသော်လည်း တာလီဘန်တို့သည် ခြေကုပ်များရရှိလာနေကြောင်း အမေရိကန်စစ်ဘက်က ဝန်ခံထားသည်။
ယခုနှစ်တွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရဖွယ်ရှိပြီး ယခုအချိန်အထိ သေဆုံးသူ ၅၀၀၀ ကျော်မည်ဟု အာဖဂန်စစ်ဘက်က ခန့်မှန်းထားသည်။
ဂါနီသည် တာလီဘန်တို့ကို ထောက်ပံ့မှုဖြတ်တောက်ရန် ပါကစ္စတန်နှင့် စေ့စပ်ညှိနှိုင်းမှုများသည် မအောင်မြင်ခဲ့ဘဲ တစ်နှစ်ကြာသံတမန်စစ်ထိုးပြီးနောက် ဂါနီသည် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ပါကစ္စတန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။ ထိုနောက်ပိုင်းမှစပြီး ဂါနီက ပါကစ္စတန်သည် တာလီဘန်တို့ကို ကြားခံအဖြစ်အသုံးပြု၍ အာဖဂန်နစ္စတန်ကို စစ်ပွဲဆင်နွှဲနေကြောင်း ပြောင်ပြောင်တင်းတင်း စွပ်စွဲခဲ့သည်။
သြဇာကြီးသော ထောက်လှမ်းရေးအေဂျင်စီ ISI သည် တာလီဘန်တို့ကို ထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်များအား ပါကစ္စတန်အာဏာပိုင်များက ငြင်းဆိုထားသည်။
အာဖဂန်နစ္စတန်တွင် အဓိကဦးစီးများ ကောင်စီများအခြေစိုက်မှုနှင့်အတူ ပါကစ္စတန်အစိုးရကို အမေရိကန်က ဖိအားပေးနေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပါကစ္စတန်၏ အခန်းကဏ္ဍကို လျှော့ချနိုင်ဖွယ်ရှိသည်။

Most Read

Most Recent