မြန်မာသံရုံးအား ဘာလီဗုံးခွဲမှုထက် နှစ်ဆပြင်းသော ဖောက်ခွဲမှု ပြုလုပ်ရန် စီစဉ်ထားသူကို အင်ဒိုနီးရှားရဲက ဖမ်းဆီး

မြန်မာသံရုံးအား ဘာလီဗုံးခွဲမှုထက် နှစ်ဆပြင်းသော ဖောက်ခွဲမှု ပြုလုပ်ရန် စီစဉ်ထားသူကို အင်ဒိုနီးရှားရဲက ဖမ်းဆီး
Published 26 November 2016
Ref:AFP

လာမည့်လအတွင်း ဂျကာတာမြို့ရှိ မြန်မာသံရုံးနှင့် အစိုးရ အဆောက်အအုံများကို တိုက်ခိုက်ရာ၌ အသုံးပြုရန် စီစဉ်ထားသော အလွန်ပမာဏများပြားသည့် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အစ္စလာမ္မစ် စစ်သွေးကြွဟု ယူဆရသူတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မသင်္ကာသူကို ရီယိုပရီယက်နာဝီဘာဝါ (၂၃ နှစ်) ဟု ဖော်ပြပြီး IS အဖွဲ့ကို ထောက်ပံ့နေသည့် အင်ဒိုနီးရှားအဖွဲ့ တစ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဟု ယုံကြည်ရကြောင်း သိရသည်။
အင်ဒိုနီးရှားမီဒီယာများက ယခုဖမ်းဆီးရမိသော ဖောက်ခွဲရေးပစ္စည်း ပမာဏသည် ၂၀၀၂ ခုနှစ်က လူပေါင်း ၂၀၂ ဦးကို သေဆုံးစေခဲ့သော ဘာလီညကလပ် ဗုံးခွဲမှုထက် ပြင်းအား နှစ်ဆ ပိုမိုနိုင်သည်ဟု ဆိုသည်။
တက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဖြင့် ဘွဲ့ရထားသော်လည်း အလုပ်လက်မဲ့ ဖြစ်နေသူ ဝီဘာဝါသည် ဗုံးများ ပြုလုပ်ခြင်းကို မိမိဘာသာ လေ့လာသင်ကြားခဲ့သူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ တစ်လွှားရှိ နေရာပေါင်းများစွာတွင် ဖောက်ခွဲရေးပစ္စည်းများကို ဖြန့်ကြက်ထားရှိရန် စီစဉ်ထားခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဘွိုင်းရာဖလီအေမာက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဝီဘာဝါသည် အစွန်းရောက် ဗလီဆရာတစ်ဦးဖြစ်သော အေမင်အဗ္ဗဒူရာမန်၏ အစွန်းရောက်ဝါဒ သွတ်သွင်းပေးခံထားရသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဝီဘာဝါသည် ဆီးရီးယားတွင် IS အဖွဲ့နှင့်အတူ တိုက်ပွဲဝင်ခဲ့သော အင်ဒိုနီးရှား စစ်သွေးကြွတစ်ဦးဖြစ်သည့် ဘာရန်နီယမ်နှင့် ဆက်နွှယ်နေသူ တစ်ဦးလည်းဖြစ်သည်ဟု အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရစ်ဝမ်တိုက ပြောကြားခဲ့သည်။ နီယမ်သည် လူရှစ်ဦး သေဆုံးခဲ့သည့် ဂျကာတာမြို့ တိုက်ခိုက်မှုအပါအဝင် အင်ဒိုနီးရှား၌ တိုက်ခိုက်များပြုလုပ်ရန် စီစဉ်နေသူဟု ယူဆရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်အတွင်း IS အဖွဲ့နှင့် ဆက်နွှယ်နေသော တိုက်ခိုက်မှုများအား ဆက်တိုက်တွေ့ရှိခဲ့ရပြီး ယင်းတို့အနက် အကြီးမားဆုံးမှာ ဇန်နဝါရီလအတွင်းက ဂျကာတာမြို့၌ ဖြစ်ပွားခဲ့သည့် လူလေးဦး သေဆုံးစေခဲ့သော သေနတ်နှင့် ဗုံးအသုံးပြု ကာ တိုက်ခိုက်ခဲ့မှု ဖြစ်သည်။
အင်ဒိုနီးရှား အာဏာပိုင်များက အစွန်းရောက်ဝါဒ ပြန်လည်ထွန်းကားလာမည်ကို စိုးရိမ်နေကြပြီး ကမ္ဘာပေါ်၌ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၌  IS အဖွဲ့နှင့် ပတ်သက်သူ ရာနှင့်ချီလျက် ရှိနေကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့သော မွတ်စလင်အများစု နေထိုင်ရာ အရှေ့တောင်အာရှနိုင်ငံများသည် မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များကို နှိမ်နင်းနေသည်ဟုဆိုကာ ဒေါသထွက်နေကြပြီး ဂျကာတာမြို့ အပါအဝင် မြို့ကြီးများစွာ၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ 
 

Most Read

Most Recent