တောင်ကိုရီးယားသမ္မတ ရာထူးမှ နုတ်ထွက်ရန်အတွက် လူသိန်းနှင့်ချီ ထပ်မံဆန္ဒပြ

တောင်ကိုရီးယားသမ္မတ ရာထူးမှ နုတ်ထွက်ရန်အတွက် လူသိန်းနှင့်ချီ ထပ်မံဆန္ဒပြ
Published 26 November 2016
Ref: AFP

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်နေသော တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးအား ရာထူးမှ နုတ်ထွက်ရန် သို့မဟုတ် စွပ်စွဲပြစ်တင်မှုအဆို ရင်ဆိုင်ရန်အတွက် မြို့တော်ဆိုးလ်တွင် နှင်းမိုးကျဆင်းမှုနှင့် အေးစက်သော ရာသီဥတုကြားမှ လူသိန်းနှင့်ချီက နိုဝင်ဘာ ၂၆ ရက်တွင် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ယင်းဆန္ဒပြမှုသို့ လူတစ်သန်းခွဲအထိ ပါဝင်နိုင်သည်ဟု ဆန္ဒပြမှုစီစဉ်သူများက ခန့်မှန်းထားချိန်တွင် သမ္မတ အိမ်တော်သို့ ဦးတည်သော လမ်းများအား ပိတ်ဆို့ရန်အတွက် ရဲတပ်ဖွဲ့က မြို့တော်တစ်ဝန်းတွင် ရဲ ၂၅၀၀၀ အား ချထားခဲ့ကြောင်း သိရသည်။
ပြည်နယ်မြို့ကြီးများတွင် ဆန္ဒပြမှုများ၌ လူသန်းထက်ဝက်ခန့် ပါဝင်မည်ဟုလည်း ၎င်းတို့က မျှော်လင့်ထားသည်။
“ပက်က သူ့သဘောအတိုင်း ရာထူးကနေ နုတ်ထွက်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ သူ့ကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ဖို့အတွက် ပါလီမန်ကို တတ်နိုင်သလောက် ဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့အသံကို တိုးမြှင့်ဖို့ လိုတယ်” ဟု အသက် ၂၃ နှစ်ရှိ ကျောင်းသားတစ်ဦးဖြစ်သူ လီဆန်းချိုက ပြောကြားခဲ့သည်။ အေးစက်ပြီး စိုစွတ်သော ရာသီဥတုကို အန်တုရန် မိုးကာများဝတ်ပြီး ထီးများ ဆောင်းထားကြသော ဆန္ဒပြသူများအကြား ပျော်ရွှင်သောစိတ်များ ကိန်းအောင်းနေသည်။
ဆန္ဒပြမှုအတွင်း စားစရာများ၊ လက်ကိုင်ပိုစတာများ၊ လက်ကမ်းစာရွက်များ ဖြန့်ဝေပေးခဲ့ပြီး လမ်းဘေးဈေးသည်များက ဖယောင်းတိုင်များနှင့် ထိုင်ခုံများကို ရောင်းချပေးခဲ့သည်။ ဆန္ဒပြသူအချို့ကလည်း အသံချဲ့စက်မှ ထွက်ပေါ်လာသော သီချင်းသံများဖြင့် ကခဲ့ကြကြောင်း သိရသည်။ “ဒီ နိုင်ငံရဲ့ပိုင်ရှင်က ပြည်သူတွေပဲဖြစ်ပြီးတော့ အာဏာပိုင်ဆိုင်ထားတဲ့ သူတွေက မပိုင်ဘူးဆိုတာ ကျွန်တော့်ကလေးတွေကို ပြချင်လို့ ဒီနေရာကို ရောက်လာခဲ့တာပါ”ဟု ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၄၇ နှစ်ရှိ ရှင်ကျုအီက ပြောကြားခဲ့သည်။
ယခု ဆန္ဒပြမှုသည် ပြီးခဲ့သော နှစ်ပတ်ခန့်က ခန့်မှန်းခြေ လူတစ်သန်းအထိ ပါဝင်ခဲ့သော ဆန္ဒပြမှုထက် ပို၍ကြီးမားလာခဲ့ပြီး  တောင်ကိုရီးယားတွင် ၁၉၈၀ ပြည့်လွန်နှစ်များ၌ ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများ နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ မိသားစုများ၊ အထက်တန်းကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများပါ ပါဝင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးလျက် ဖယောင်းတိုင်များ ကိုင်ဆောင်ခဲ့သော ယင်းဆန္ဒပြမှုများသည် လတ်တလောအထိ ငြိမ်းချမ်းစွာပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ပက်အား ရာထူးမှ ဖြုတ်ချနိုင်ရန် အတိုက်အခံများက ဦးဆောင်နေသော အစီအစဉ်အား အာဏာရပါတီထဲမှ ထောက်ခံသူအရေအတွက် မြင့်တက်လာနေချိန်တွင် ပက်အား စွပ်စွဲပြစ်တင်မည့်အဆိုအား အစောဆုံးအနေဖြင့် လာမည့်သီတင်းပတ်၌ ပါလီမန်၌ မဲခွဲဆုံးဖြတ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent