တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ရစ်ချ်တာစကေး ၆ ဒသမ ၅ ရှိ အားပြင်းငလျင်လှုပ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ရစ်ချ်တာစကေး ၆ ဒသမ ၅ ရှိ အားပြင်းငလျင်လှုပ်
Published 26 November 2016

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အစွန်အဖျားရှိ ရှင်ကျန်းပြည်နယ်တွင် နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၂၄ မိနစ်က ရစ်ချ်တာစကေး ၆ ဒသမ ၅ ရှိ အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန USGS က ဖော်ပြခဲ့သည်။
အဆိုပါငလျင်မှာ ရှင်ကျန်းပြည်နယ် အာခ်တိုဒေသအနီး ဖြစ်ပွားခဲ့ပြီး ဗဟိုအာရှ နိုင်ငံများဖြစ်သည့် ကာဂျစ်စတန်နှင့် တပ်မင်နစ္စတန် နိုင်ငံများနှင့် နယ်စပ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ငလျင်လှုပ်မှုကို ထိုနှစ်နိုင်ငံမှလည်း ခံစားခဲ့ရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုမှာ မြေအောက်အနက် ၁၂ ကီလိုမီတာ (ခုနစ်မိုင်) တွင် ဗဟိုပြုကြောင်း USGS က ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ရာ ဗဟိုချက်ဒေသမှာ တရုတ်မြို့ကြီး ကာရှ်ဂါ အနောက်ဘက် ၁၇၂ မိုင်ခန့်အကွာမှ တာဂျစ်နယ်စပ်အနီးတွင် ဖြစ်ပွားခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် အသေအပျောက် ကနဦးစာရင်းများ မရရှိသေးကြောင်း တရုတ်အစိုးရ သတင်းအေဂျင်စီ ဆင်ဟွာက ဆိုသည်။
ပါကစ္စတန် အာဏာပိုင်များက ပြောရာတွင် အနောက်မြောက်ပိုင်းပြည်နယ် ခိုင်ဘာတွင်လည်း ထိုငလျင်လှုပ်မှုကို ခံစားခဲ့ရကြောင်းဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်များ ဆိုင်ရာစီမံရေး အာဏာပိုင်အဖွဲ့က အတည်ပြုခဲ့သည်။ ပါကစ္စတန်ဘက်တွင် ထိခိုက်ပျက်စီးမှု သတင်းများ မရရှိပေ။ ငလျင်ဗဟိုချက်မှ အသင့်အတင့်သော ဧရိယာတွင်သာ ပြင်းထန်သော လှုပ်ခတ်မှုကို ခံစားရကြောင်း USGS က ဆိုသည်။
တရုတ်နိုင်ငံ အနောက်မြောက်ဖျားဒေသ ရှင်ကျန်းပြည်နယ်သည် လူဦးရေကျဲပါးသော ဒေသဖြစ်သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မများနိုင်ဟုဆိုသည်။                   
Ref : AFP

Most Read

Most Recent