ဘန်းချောင်း ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကို ဒေသခံများနှင့် သဘောတူညီချက် မယူဘဲ စတင် လုပ်ကိုင်နေသည့်အပြင် စီမံကိန်း၏ စွန့်ပစ်မြေစာပုံမှ မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေ

ဘန်းချောင်း ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကို ဒေသခံများနှင့် သဘောတူညီချက် မယူဘဲ စတင် လုပ်ကိုင်နေသည့်အပြင် စီမံကိန်း၏ စွန့်ပစ်မြေစာပုံမှ မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေ
Published 23 November 2016
ဖြိုးဇင် (ထားဝယ်)

ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို ဒေသခံများနှင့် သဘောတူညီချက်မယူဘဲ စတင်လုပ်ကိုင်နေသည့်အပြင် စီမံကိန်း၏ စွန့်ပစ်မြေစာပုံမှ မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဘန်းချောင်းဒေသ၌  May Flower Mining Enterprises Co; Ltd မှ လုပ်ကိုင်နေခြင်း ဖြစ်ပြီး နိုဝင်ဘာလ ဒုတိယအပတ်မှ စတင်၍ ဒေသခံများနှင့်  သဘောတူညီချက် မရယူဘဲ စတင်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို ဒေသခံများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးပြီး ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်၍ ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးရမည့်   အချက်များကို စာချုပ် ချုပ်ဆိုသဘောတူညီပြီးမှသာ တူးဖော်ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင်မူ ယခင်နှစ်များကဲ့သို့ သုံးပွင့်ဆိုင် တွေ့ဆုံမှုမပြုလုပ်ဘဲ ကျောက်မီးသွေးတူးဖော်မှုများ စတင်ဆောင်ရွက်နေသည့်အပြင် စီမံကိန်း၏ စွန့်ပစ်မြေစာပုံ၌ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင်း ဒေသခံများအနေဖြင့် ကျန်းမာရေးထိခိုက်မှုများ ရှိလာကြောင်း ဘန်းချောင်းပြည်သူလူထု တည်တံ့ခိုင်မြဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ စောတင်ဦးက ပြောကြားသည်။
“ကျောက်မီးသွေးမိုင်းကို နိုဝင်ဘာ ဒုတိယအပတ်ကစပြီး တူးနေတယ်။ လမ်းတွေလည်း ပြင်တယ်။ အမရာဘက်ကနေ ထီးခီးဂိတ်ဖြတ်ပြီး ထိုင်းကို သယ်တယ်။ ကျွန်တော်တို့ စသိတာ ၁၃ ရက်မှ သိတာ။ ၁၇ ရက်မှာ စီမံကိန်းနားက ကွမ်းချောင်းကြီးမှာ ဆုတောင်းပွဲ လုပ်ခါနီးတော့ ကျောက်မီးသွေး မတူးတော့ပဲ နားလိုက်တယ်။ ဆုတောင်းပွဲအပြီးနောက် တစ်နေ့မှာပဲ ၁၀ ဘီးကားကြီး ၁၀ စီးနဲ့ အလုံးအရင်း သယ်ပါတယ်။ အခုလည်း ဆက်တူးနေတယ်။ အရင်နှစ်တွေကဆို သုံးပွင့်ဆိုင်တွေ့ပြီးမှ ဆွေးနွေးချက်အတိုင်း လိုက်နာ လုပ်ဆောင်ဖို့ ကုမ္ပဏီက စာချုပ်ချုပ်ပြီး လုပ်ရတယ်။ ဒီနှစ်မှ ဆွေးနွေးပွဲ မလုပ်ဘဲ တူးနေတာ။ ဆုတောင်းပွဲလုပ်တဲ့နေ့က ရွာခြောက်ရွာက လူကြီးနဲ့ ရပ်မိရပ်ဖတွေ ဆွေးနွေးပြီး ဘန်းချောင်းစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရ၊ ဒေသခံ၊ KNU နဲ့ကုမ္ပဏီတို့ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သီးသန့်လုပ်ဖို့ လက်မှတ်ထိုးတယ်။ ဆွေးနွေးပွဲမှာ ကုမ္ပဏီကို ဆက်လုပ်ခွင့်ပြု မပြု ဆွေးနွေးမှာပေါ့။ လာမယ့် ၂၆ ရက်မှာ လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့် လူကြီးတွေက မအားဘူးဆိုတော့ လာမယ့် ဒီဇင်ဘာလထဲမှာ လုပ်ဖို့စီစဉ်ထားတယ်”ဟု စောတင်ဦးက ပြောကြားသည်။
နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲသို့ ဘန်းချောင်းဒေသကျေးရွာ ခြောက်ရွာဖြစ်သော ကွမ်းချောင်းကြီး၊ ကျောက်ထူး၊ သပြုချောင်း၊ ကထောင်းနီ၊ မောင်မထူးနှင့် ဖောင်းတောကျေးရွာများမှ ဒေသခံ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ဌာနေတိုင်းရင်းသားများ ဖိနှိပ်မှုအမျိုးမျိုးနှင့် နေထိုင်နေရမှုမှ လွတ်ကင်းရန်၊ ဒေသခံများ မှီခိုနေထိုင်အားထားရသော သဘာဝပတ်ဝန်းကျင်ဖြစ်သည့် မြေထု၊ လေထုနှင့် ရေထုညစ်ညမ်းမှုများမှ လွတ်ကင်းရန်၊ ဘန်းချောင်းဒေသတွင် ပဋိပက္ခများနှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးထိခိုက်မှု မရှိဘဲ အေးချမ်းစွာ နေထိုင်လိုကြောင်းနှင့် မည်သည့်လုပ်ငန်းမဆို ပတ်ဝန်းကျင်ထိခိုက်မှုအဖြစ်ကို မလိုလားကြောင်းနှင့် ပြောင်းရွှေ့နေထိုင်ရမည့်အဖြစ်ကို မလိုလားကြောင်း ပါဝင်သည့်အချက် ခြောက်ချက်ကို ဆုတောင်းခဲ့ကြသည်။
ထို့ပြင် ကုမ္ပဏီမှ စုပုံထားသည့်မြေစာပုံများမှာ မီးလောင်ကျွမ်းနေပြီး ကုမ္ပဏီမှ သေချာစွာ ငြှိမ်းသတ်ခြင်း မရှိသောကြောင့် မီးခိုးငွေ့များ ပျံ့လွင့်ကာ ဒေသခံများ၏ ကျန်းမာရေးထိခိုက်နေသည့်အပြင် မီးခိုးငွေ့ဒဏ်ကြောင့် ကလေးငယ်များလည်း ကျောင်းပျက်မှုများ ရှိနေကြောင်း စောတင်ဦးက ဆက်လက်ပြေားကြားသည်။
“၂၀၁၄-၁၅ ကစပြီး ကျောက်မီးသွေးမြေစာပုံက မီးလောင်နေတာ အခုအချိန်ထိပဲ။မြေစာတွေကို လှန်လိုက်ရင် အောက်မှာ ကျောက်မီးသွေး မီးလောင်ပြင်ကြီး ဖြစ်နေတာ။ကုမ္ပဏီက မီးလောင်တဲ့နေရာကို နေ့တိုင်းလာကြည့်ပြီး မြေစာနဲ့ပဲ ဖုံးသွားတယ်။ ဒါပေမယ့် မီးက အောက်ဘက်မှာ လှိုက်စားပြီး လောင်နေတော့ မငြိမ်းဘူး။ အရင်က ကုမ္ပဏီနဲ့ဆွေးနွေးပွဲတွေမှာလည်း မီးလောင်တဲ့ကိစ္စနဲ့ ချောင်းရေကိစ္စတွေကို တာဝန်ယူပေးဖို့ ပြောထားတာ ရှိတယ်။ သူတို့ဘက်ကလည်း တာဝန်ယူဖို့ ပြောပေမယ့် အခုအချိန်ထိ စနစ်တကျ မလုပ်ပေးဘူး။ ကျောက်မီးသွေးမြေစာပုံ မီးလောင်လို့ထွက်လာတဲ့ မီးခိုးတွေက ရွာစာသင်ကျောင်းကို လာရိုက်ခတ်တော့ ကျန်းမာရေးထိခိုက်လာပြီး ကလေးတွေလည်း ခဏခဏ ကျောင်းပျက်တာ ဖြစ်လာတယ်။ မီးခိုးငွေ့တွေ လွင့်နေတော့ ရွာသားတွေလည်း ဆိုးဆိုးရွားရွား ခံနေရတယ်”ဟု စောတင်ဦးက ပြောကြားသည်။
 
 

Most Read

Most Recent