၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် မူလခန့်မှန်းခြေ လိုငွေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်လာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် မူလခန့်မှန်းခြေ လိုငွေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်လာ
Published 18 November 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် မူလခန့်မှန်းခြေလိုငွေ ထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်လာကြောင်း ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်အရ သိရသည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေမှာ ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေမှာ ကျပ် ၄၀၂၅ ဒသမ ၁၃ ဖြစ်သောကြောင့် မူလခန့်မှန်းခြေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်သွားခြင်းဖြစ်ကာ ဂျီဒီပီတန်ဖိုးမှာ လျော့ကျသွားသည်။
ပြည်ထောင်စု၏ မူလခန့်မှန်းခြေ ငွေစာရင်းမှာ စုစုပေါင်းရငွေ ကျပ် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလျံဖြစ်ပြီး စုစုပေါင်းသုံးငွေ ကျပ် ၂၀၂၆၆ ဒသမ ၆၄ ဖြစ်ကာ လိုငွေမှာ ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံ၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၄၁၂၈ ဒသမ ၁၂၇ ဘီလျံဖြစ်၍ လို ငွေနှင့် ဂျီဒီပီအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း မှာ စုစုပေါင်းရငွေ ကျပ် ၁၇၁၅၂ ဒသမ ၅ ဘီလျံဖြစ်ပြီး စုစုပေါင်း သုံးငွေ ကျပ် ၂၁၁၇၇ ဒသမ ၆၃ ဘီလျံဖြစ်ကာ လိုငွေမှာ ကျပ် ၄၀၂၅ ဒသမ ၁၃ ဘီလျံဖြစ်ကြောင်း၊ ဂျီဒီပီ တန်ဖိုးမှာ ကျပ် ၈၁၀၆၄ ဒသမ ၃၃၉ ဘီလျံ ဖြစ်၍  လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉၇ ဖြစ်ကြောင်း သိရသည်။
“ဂျီဒီပီတန်ဖိုးအား လျှော့ချခန့်မှန်းရသည့် အကြောင်းရင်းမှာ ယခင်နှစ် ပထမ ခြောက်လတွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကုန်စည်ဈေးနှုန်းများ အားပျော့နေခြင်း၊ ကမ္ဘာသုံး ငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာ မြင့်တက်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် ငြိမ်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် စီးပွားရေး အခြေအနေအရ ကုန်သွယ်မှု ကျဆင်းရခြင်း၊ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်ခဲ့ရပြီး ပြင်ဆင်သည့် ဥပဒေကို သြဂုတ်လတွင် အတည်ပြုနိုင်ခဲ့သဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ပထမ ခြောက်လတွင် များစွာသုံးစွဲမှု မရှိသေးခြင်း၊ သဘာဝဘေးဒဏ် ခံစားရသည့် ဒေသများတွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လိုငွေနှင့် ဂျီဒီပီအချိုးမှာ မူလခန့်မှန်းခြေ ငွေစာရင်းတွင် ၃ ဒသမ ၉ ဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် ၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ပါသည်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းတင်ပြသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ်ဘီလျံ ၁၃၅၄ ဒသမ ၆၁၄ တင်ပြတောင်းခံထားသည့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို နိုဝင်ဘာ ၁၆ ရက်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လွှတ်တော်၌ လာရောက်ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုဌာန အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားမှုမှာ ဗဟိုအဖွဲ့အစည်းများမှ ကျပ်ဘီလျံ ၀ ဒသမ ၅၂၃၊ ဝန်ကြီးဌာနများမှ ကျပ်ဘီလျံ ၁၀၂၂ ဒသမ ၀၄၆၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ်ဘီ လျံ ၁၃၀ ဒသမ ၅၈၄၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များမှ ကျပ်ဘီလျံ ၀ ဒသမ ၀၈၄၊ နေပြည်တော်ကောင်စီမှ ကျပ်ဘီလျံ ၇ ဒသမ ၉၅၂၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ၈ ဒသမ ၈၇၁ တို့ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအတွက် ကျပ်ဘီလျံ ၁၇၈ ဒသမ ၈၅၅ နှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ကျပ်ဘီလျံ ၃ ဒသမ ၆၃၈ တောင်းခံထား၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ (လူမှုဖူလုံရေးအဖွဲ့) အတွက် ကျပ်ဘီလျံ ၂ ဒသမ ၀၆၁ စုစုပေါင်း ကျပ်ဘီလျံ ၁၃၅၄ ဒသမ ၆၁၄ ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent