အိမ်အကူများအပါအဝင် အလုပ်သမားများခန့်ရာ၌ ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ် တားဆီးပေးရေး အစိုးရအား တိုက်တွန်းသည့်အဆို..

အိမ်အကူများအပါအဝင် အလုပ်သမားများခန့်ရာ၌ ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ် တားဆီးပေးရေး အစိုးရအား တိုက်တွန်းသည့်အဆို..
နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)
နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)
Published 17 November 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အိမ်အကူများအပါအဝင် အလုပ်သမားများခန့်ရာ၌ ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်သမားများကို
အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ် တားဆီးပေးရေး အစိုးရအား 
တိုက်တွန်းသည့်အဆို ပြည်သူ့လွှတ်တော်သို့ တင်သွင်း
 

 
အိမ်အကူများအပါအဝင် အလုပ်သမားများ ခန့်ရာ၌ ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ် တားဆီးပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၁၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။
 
၎င်းအဆိုအား ကျောက်တန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်များမှ ဥပဒေကို လိုက်နာမှုအားနည်းခြင်း၊ အလုပ်သမားဘက်မှ ဥပဒေကို သိရှိနားလည်မှု အားနည်းခြင်း၊ လုပ်ငန်းခွင်အခြေအနေကို တာဝန်ရှိသူများမှ ပုံမှန်စစ်ဆေးပေးရန် ပျက်ကွက်ခြင်းတို့ကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာများ မကြာခဏ ကြားသိနေရကြောင်း၊ အိမ်အကူများ နှိပ်စက်ညှဉ်းပန်း ခံရသည့်သတင်းများမှာ မကြားဝံ့ မနာသာ ခပ်စိပ်စိပ်ကြားသိနေရကြောင်း၊ အားနည်းသော အမျိုးသမီးများ၊ ကလေးသူငယ်များ အဓမ္မခိုင်းစေခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ကို တားဆီးရန်၊ ဥပဒေ အကာအကွယ်ပေးရန်လိုအပ်နေသည့်အတွက် အဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ဆိုသည်။
 
မြန်မာနိုင်ငံသည် အလုပ်သမားဥပဒေ၊ ကလေးသူငယ်ဥပဒေကဲ့သို့သော ဥပဒေများ ပြဋ္ဌာန်းထားသည့်အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ကို ဝင်ရောက်ထားပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ်သည့် အဓမ္မခိုင်းစေမှု တားဆီးတိုက်ဖျက်ရေးအတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ ကလေးသူငယ် အခွင့်အရေးကို လေးစားလိုက်နာရန်အတွက် နိုင်ငံတကာ သဘောတူစာချုပ်များ၌ ပါဝင်လက်မှတ်ရေး ထိုးထားကြောင်း  ၎င်းက ဆိုသည်။
 
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၂ (က) တွင် အလုပ်သမားဆိုသည်မှာ ဆိုသည့်အဓိပ္ပာယ် ဖွင့်ဆိုရာ၌ အိမ်အကူ ပါဝင်သည်ဟု ဖော်ပြထားသော်လည်း အိမ်အကူကဲ့သို့သော အိမ်တွင်း အလုပ်သမားများအတွက် ကာကွယ်ပေးသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများမရှိကြောင်း၊ ပြည်တွင်း အိမ်အကူလုပ်ငန်းအတွက် တရားဝင် မှတ်ပုံတင်ထားသည့် အေဂျင်စီများလည်း မရှိကြောင်း၊ အိမ်တွင်း အလုပ်သမားများ ခန့်ထားရာတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်များ ချုပ်ဆိုထားခြင်းမရှိသည့်အတွက် နှစ်ဦးနှစ်ဖက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း ဒေါ်အေးမြမြမျိုးက ဆွေးနွေး တင်ပြသည်။
 
ကလေးသူငယ် အလုပ်သမားများနှင့် ပတ်သက်၍ အသက်(၁၄)နှစ်အောက် ကလေးသူငယ်များကို အလုပ်ခန့်ထားခြင်းမပြုရန် ဥပဒေဖြင့် တားမြစ်ထားသော်လည်း အလုပ်ခန့်ထားခြင်း၊ မနိုင်ဝန်ထမ်းခိုင်းခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။
 
“ဆင်းရဲခြင်း၊ အသိပညာမပြည့်စုံခြင်း၊ အုပ်ထိန်းသူ မိဘဆွေမျိုးနဲ့ဝေးရာမှာ အလုပ်ရှင်လက်ထဲမှာ ဝကွက် အပ် အလုပ်လုပ်ကိုင်စေခြင်း၊ အလုပ်ရှင် အလုပ်အမျိုးအစား သတ်သတ်မတ်မတ် ခိုင်းစေခြင်းမျိုးမဟုတ်ဘဲ ထမင်းစား ကျွန်ခံသာသာ ခေတ်သစ်ကျွန်ပြုခြင်းတွေ၊ နှိပ်စက်ညှဉ်းပန်းခံရခြင်းတွေ ဖြစ်ပေါ်နေတာကို စိတ်မချမ်းသာဖွယ် တွေ့မြင်နေကြရပါတယ်။ လတ်တလော အခြေအနေအရ ကလေးလုပ်သား ပပျောက်ရေးဟာ မဖြစ်နိုင်သေးဘူး ဆိုပေမယ့်လည်း လုပ်ငန်းခွင်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ကလေးလုပ်သားတွေကို ကာကွယ်ပေးဖို့တော့ အရေးတကြီး လိုအပ်နေပါပြီ” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် အသက် (၅)နှစ်မှ (၁၇)နှစ်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးဦးရေမှာ ၁၃ သိန်းနီးပါးရှိသည်ကို စစ်တမ်းများအရ သိရကြောင်း၊ အန္တရာယ်ရှိနေသည့် လုပ်ငန်းခွင်ထဲ၌ ကလေးခြောက်သိန်းကျော် ရှိသည်ကိုဆိုထားကြောင်း အဆိုရှင်က တင်ပြဆွေးနွေးသည်။
 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက “လမ်းပေါ်မှာ စပါးတွဲရောင်းနေတာလိုမျိုး၊ တောင်းရမ်းတာလို တစ်ဖုံ၊ စာသင်ခန်းထဲမှာရှိရမယ့် အရွယ်ကလေးတွေ လမ်းမပေါ်မှာ ရှိနေတာ တွေ့ပေမယ့်လည်း မဆိုင်သလို လျစ်လျူရှုထားခြင်းဟာ အဓမ္မခိုင်းစေခံရခြင်း၊ ကျွန်ပြုခံရခြင်းတို့ကို အားပေး အားမြှောက် ပြုနေရာရောက်ပါတယ်။ ဒီလိုအခြေအနေကို သမားရိုးကျအဖြစ် လက်ခံလိုက်ရင် ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ် ရင်လေးဖွယ် ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။
 
ထို့ပြင် ၎င်းက ကလေးလုပ်သားများမှာ အတင်းအဓမ္မ ခိုင်းစေခံနေရသည်ဆိုပေမယ့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများမှာလည်း ဘေးကင်းလုံခြုံသည့် အလုပ်များ၌ ရှိနေပြီလား ဆိုသည်ကို မေးခွန်းထုတ်ခဲ့သည်။
 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး တင်သွင်းသည့် “အိမ်အကူ အလုပ်သမားများ အပါအဝင် အလုပ်သမားများ ခန့်ထားရာတွင် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်ရှင်များက အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ် တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” ကို ရှမ်းပြည်နယ်၊ မဘိမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က ထောက်ခံဆွေးနွေးသည်။
 
ထို့နောက်အဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာထားသည်။

Most Read

Most Recent