နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွတ်၌ တိုက်ခိုက်သည့် ဓာတ်ပုံတင်သည့်အတွက်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဇော်ဇော် (ခ) ငဖာအမှုတွင် တရားလိုပြသက်သေကို စစ်ဆေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွတ်၌ တိုက်ခိုက်သည့် ဓာတ်ပုံတင်သည့်အတွက်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဇော်ဇော် (ခ) ငဖာအမှုတွင် တရားလိုပြသက်သေကို စစ်ဆေး
Published 16 November 2016
သက်မင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွတ်တွင် တိုက်ခိုက်သည့် ဓာတ်ပုံတင်သည့်အတွက်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသော ဇော်ဇော် (ခ) ငဖာအကောင့်ပိုင်ရှင်ကို မြောက်ဒဂုံမြို့နယ် တရားရုံး၌ နိုဝင်ဘာ ၁၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒုတိယမြောက် တရားလိုပြသက်သေကို စစ်ဆေးခဲ့ကြောင်း သိရသည်။တရားလိုပြသက်သေ ကိုမင်းမင်းထွန်းက ၎င်းသည် ၂၀၁၅ ခုနှစ်မှစ၍ ဖေ့စ်ဘွတ်သုံးစွဲသူ ဖြစ်ကြောင်း၊ ငဖာအကောင့်ပိုင်ရှင်အား အမှုမဖွင့်မီ တစ်လခန့်အလိုက တရားလိုက လူထုခေါင်းဆောင်နှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် အပုပ်ချဝေဖန်မှုများ ရှိနေသည့်အတွက် ဘယ်လိုအရေးယူနိုင်မလဲဟု မေးမြန်းကြောင်း၊ နှစ်ရက်ခန့်အကြာတွင် တရားလိုနှင့် တွေ့ဆုံခဲ့ကြောင်း၊ တရားလိုက ငဖာအကောင့်ကိုပြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချဝေဖန်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်လည်း ဖေ့စ်ဘွတ်ကို စတင်အသုံးပြုစဉ်ကတည်းက လူထုခေါင်းဆောင်ကို ပုဂ္ဂိုလ်ရေး၊ လိင်ပိုင်းဆိုင်ရာ ခိုင်းနှုန်းရေးသားခြင်းများ ပြုလုပ်သည့်အကောင့်များကို မြင်တွေ့ခဲ့ဖူးကြောင်း၊ မေသရဖီဝင်းသန်း၊ ပဲခူးရှိ စန္ဒီမြင့်အောင်၊ ဒီမိုဆိတ်ဖွား စသည့် အကောင့်များဖြစ်သည်ဟု မှတ်မိကြောင်း၊ ငဖာကိုလည်း သတိထားမိကြောင်း၊ လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ကန်စွန်းရွက်ရောင်းသည့် ဈေးသည်ပုံစံဖြင့် ငဖာအကောင့်တွင် ပြုလုပ်သည်ကို သိရှိကြောင်း၊ စာသုံးကြောင်းခန့် ရေးသားထားသည်ကိုလည်း သိရှိကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဓာတ်ပုံအား နည်းပညာအသုံးပြုကာ နှုတ်ခမ်းနီဆိုး၊ ပါးနီလိမ်းထားသည့် မိန်းမလျာပုံစံဖြစ်အောင် ငဖာအကောင့်က တင်ထားသည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥရောပခရီးစဉ်မှ ပြန်လာစဉ် ကျန်းမာရေးအခြေအနေအရ ဝီးချဲလ်ဖြင့် လေဆိပ်မှ ထွက်လာပုံကို အသုံးပြု၍ အပုပ်ချတိုက်ခိုက်သည့် ပို့စ်တင်သည်ကိုလည်း တွေ့ရကြောင်း၊ အဆိုပါပို့စ်များကို Screenshot ရိုက်ယူပြီး ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရုံးတော်တွင် ထွက်ဆိုသွားသည်။စွပ်စွဲခံရသူ ငဖာအကောင့်ပိုင်ရှင်၏ ရှေ့နေ၏ မေးခွန်းများကို တရားလိုပြသက်သေ ကိုမင်းမင်းထွန်းက သမ္မတ ဦးထင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဓာတ်ပုံများကို တိုက်ခိုက်သည့်ပုံများ တင်သည်ကို  သက်သေခံ မတင်ခဲ့သော်လည်း  နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကို တိုက်ခိုက်ဝေဖန်သည့် ပို့စ်များရေးသားသည့်အတွက် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နမ်းရှုပ်သည့်ပုံကို အစိုးရသတင်းစာနှင့် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြခဲ့သည်ကို သိရှိကြောင်း၊ ဖော်ပြပုံချင်း တူသော်လည်း ဇော်ဇော်(ခ)ငဖာအကောင့်သည် ညစ်ညမ်းစွာ ရေးသားတိုက်ခိုက်သူဖြစ်ကြောင်း၊ ဥပဒေအရာရှိ၏ မေးမြန်းမှုကို ဖြေဆိုစဉ်က မမှတ်မိပါဟု ထွက်ဆိုခဲ့သော်လည်း ဓာတ်ပုံပါ စာသားများအရ အငြင်းပွားစရာ မရှိကြောင်း၊ ဇော်ဇော်(ခ)ငဖာအကောင့်ပိုင်ရှင်၏ အကောင့်မှန်/မမှန်ဆိုသည်ကိုမူ  ၎င်းအနေဖြင့် မသိရှိကြောင်း၊ သက်ဆိုင်ရာဌာနများကသာ သိရှိမည်ဖြစ်ကြောင်း စသည်ဖြင့် ထွက်ဆိုခဲ့သည်။ယခုရုံးချိန်းတွင်လည်း ယခင်ရုံးချိန်းများကဲ့သို့ပင် တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်သူများကွန်ရက် အင်္ကျီဆင်တူ ဝတ်ဆင်ထားသော လူဦးရေ ၃၀ ဝန်းကျင် တရားရုံးသို့ လာရောက်ခဲ့ကြကြောင်း သိရသည်။ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုနေမျိုးကျော်သည် နေလင်းအောင် အကောင့်ပိုင်ရှင်အားလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်ပင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌  တရားစွဲဆိုထားကြောင်း သိရသည်။