အင်းစိန်မြို့နယ် လျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်းရှိ မိသားစုသုံးဦး နေထိုင်သည့် တိုက်ခန်းအတွင်းသို့ လူငယ်နှစ်ဦးက ဓားဖြင့် ဝင်ထိုးမှုဖြစ်ပွား

အင်းစိန်မြို့နယ် လျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်းရှိ မိသားစုသုံးဦး နေထိုင်သည့် တိုက်ခန်းအတွင်းသို့ လူငယ်နှစ်ဦးက ဓားဖြင့် ဝင်ထိုးမှုဖြစ်ပွား
Published 16 November 2016
အောင်မျိုးသန့်၊ သီဟအောင်

အင်းစိန်မြို့နယ် လျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်းရှိ မိသားစုသုံးဦး နေထိုင်သည့် တိုက်ခန်းအတွင်းသို့ လူငယ်နှစ်ဦးက ဓားဖြင့်ဝင်ထိုးမှု နိုဝင်ဘာ ၁၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။နိုဝင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်း၊ အမှတ် (ဗ-၄) တွင် နေထိုင်သည့် ဒေါ်.... သည် အိမ်အပေါ်ထပ်၌ အိပ်နေစဉ် အသံကြား၍ ထွက်ကြည့်ရာ လူငယ်နှစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ထိုအချိန်တွင် ဒေါ်....၏ သားဖြစ်သူမှာလည်း အိပ်ရာမှနိုးလာစဉ် အဆိုပါ လူငယ်နှစ်ဦးက ဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။“ကျုးလွန်တဲ့ လူငယ်နှစ်ဦးကိုတော့ ဖမ်းဆီးရမိထားပါတယ်။ ထိုးတဲ့ဓားကိုလည်း သိမ်းဆည်းထားပါတယ်။ ဒဏ်ရာရတဲ့ အိမ်ရှင်အမျိုးသမီးက လျှပ်စစ်ဝန်ထမ်းက အငြိမ်းစားလို့ သိထားရတယ်။ ဓားနဲ့ထိုးခံရတဲ့ ကောင်လေးက အဝေးသင်တက်နေတဲ့ ကျောင်းသားပါ။ သူတို့နှစ်ဦးက ဗိုက်နဲ့ နောက်ကျောဒဏ်ရာတွေ ရရှိထားလို့ အခုအင်းစိန်ဆေးရုံကို တင်ပို့ကုသထားပါတယ်။ အမှုဖွင့်ဖို့တော့ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အခင်းဖြစ်ပွားခဲ့သည့် နေအိမ်လိုင်းခန်း၌ ဒေါ်....နှင့် ၎င်း၏ သားနှစ်ဦးတို့ နေထိုင်ပြီး အဆိုပါ လျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်ရသည်မှာ လုံခြုံမှုမရှိကြောင်း  အဆိုပါ အိမ်ရာဝင်းအတွင်း နေထိုင်သူများက ပြောကြားသည်။“ကျွန်တော်က ဒီလျှပ်စစ်ဝန်ထမ်းအိမ်ရာဝင်းထဲမှာ နေတာပါ။ ဒီနားမှာ အခြားဝန်ထမ်းအိမ်ရာတွေလည်း ရှိတယ်။ အခြားဝန်ထမ်းအိမ်ရာတွေက လုံခြုံရေးတွေ ဘာတွေရှိတယ်။ သူတို့ အိမ်ရာဝင်းထဲ လူစိမ်းဝင်တာနဲ့ သိတယ်။ ဒါပေမယ့် ဒီလျှပ်စစ်အိမ်ရာဝင်းထဲမှာတော့ နေရတာ သိပ်မလုံခြုံသလို ခံစားရတယ်။ ကျွန်တော် သိတာကတော့ အဲဒီအိမ်မှာ မိန်းမတစ်ယောက်ရယ်၊ သူ့သား နှစ်ယောက်ရယ် စုစုပေါင်း သုံးယောက်နေတယ်လို့ သိတယ်။ သူ့သား အကြီးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရပြီး အင်းစိန်ဆေးရုံ တင်ထားရတယ်လို့ သိရတယ်။ အခုဖြစ်သွားတဲ့ တိုက်ခန်းဘေးခန်းမှာ လူမနေပါဘူး”ဟု ယင်းအိမ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။