အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေး ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေး ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်
Published 12 November 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ -ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)၊ ဒေါက်တာဇော် မြင့်မောင် (မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)နှင့် အခြားဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအုန်းကြိုင်၊ ဦးကျော်ခင်၊ ဒေါက်တာဒေါ်မေဝင်းမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ ဦးမန်းဂျော်နီ (ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်)၊ ဒေါက်တာအောင်မိုးညို (မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်)၊ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်)၊ ဦးအောင်စိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင် စုစုပေါင်းဦးရေ ၁၁၀ ကျော်တက်ရောက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တက်လာပြီးသည့်နောက် ပထမဦးဆုံးကျင်းပသော ပါတီညီလာခံကြီးဖြစ်တဲ့အတွက် တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့်တကွ ဗဟိုကော်မတီဝင်များ အားလုံး နှစ်ထောင်းအားရ ဖြစ်ကြမယ်လို့ ယူဆမိပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရာမှာ အကျဉ်းကျခံနေရတဲ့ ပါတီဝင်များကို ထုတ်ပေးရမယ်လို့ ပါရှိတာကြောင့် ပါတီဝင်တွေအများစုက လက်ခံနိုင်ခြင်းမရှိတဲ့အတွက် အဖွဲ့ချုပ်က ဗဟိုအစည်းအဝေးတွင် တက်ရောက်သူ အများစု၏ဆုံး ဖြတ်ချက်အရ ပြန်လည်မှတ်ပုံမတင်ရန်နှင့် ရွေးကောက်ပွဲမဝင်ရန် တညီတညွတ်တည်း  ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်အရအဖွဲ့ချုပ်က ပြိုကွဲခြင်းမရှိဘဲ မားမားမတ်မတ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ပါတီဗဟိုကော်မတီအနေနဲ့ မိမိတို့ဥက္ကဋ္ဌကြီးနှင့် နာယကတို့၏ဦးဆောင်မှုဖြင့် ပါတီ၏မူ ဘောင်ပုံစံအတွင်း ခိုင်ခိုင်မာမာရပ်တည်ကြပြီး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ခဲ့ကြသည့်အတွက် နှစ်ပေါင်း ၂၈ နှစ်ကျော်အတွင်းမှာ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုအခါ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်သို့ ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကိုလည်းပဲ ပါတီဥက္ကဋ္ဌကြီးရဲ့ ကိုယ်တိုင်ခေါင်းဆောင်မှုဖြင့် အကောင်အထည်ဖော် နေခြင်းမှာ မေတ္တာ၊ သစ္စာနှင့်ခွင့်လွှတ်ခြင်း တို့၏ ပုံရိပ်များပင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ဆိုးများ သံသရာလည်ရာမှ တည်ငြိမ် အေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရန် ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌကြီးရဲ့မိန့်ခွန်းမှာလည်း မိမိတို့၏ရည်မှန်းချက်များကို ဖော်ဆောင်ပေးမည့် တစ်ခုတည်းသော လမ်းကြောင်းကလည်း ငြိမ်းချမ်းရေးလမ်းကြောင်းသာ ဖြစ်ကြောင်း၊ ဒီလမ်းကြောင်း၏ မျှော်လင့်ချက်များ သန္နိဋ္ဌာန်များနှင့်အတူ လျှောက်လှမ်းသွားရမှာဖြစ်ပါတယ်လို့ လေးလေးနက်နက် ပန်ကြားလိုပါတယ်” ဟု အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ယင်းအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာနှစ်ခုအား ဗဟိုကော်မတီဝင်များသို့ ဖတ်ကြားတင်သွင်းခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်က စာတမ်းသီးခြားစီဖတ်ကြား တင်သွင်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံခြင်းအား ပြန်လည်ဆွေးနွေးခြင်း၊ ဗဟိုကော်မတီ၏ တင်ပြချက်များအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က  လုပ်ငန်းဆောင်ရွက်ချက်များအား ဗဟိုကော်မတီဝင်များ၏ သဘောတူညီချက် တောင်းခံခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မတ် ၈  ရက်တွင် အဆင့်ဆင့်ရွေးချယ်တင်မြှောက်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်များဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး ခေါ်ယူကျင်းပခဲ့ပြီး  ဗဟိုကော်မတီဝင် ၁၂၀၊ အရန်ဗဟိုကော်မတီဝင် ၃၀ ကို ရွေးချယ်ခဲ့ပြီး ဗဟိုကော်မတီဝင် ၁၂၀ အနက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးကို ရွေးချယ်အတည်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဖွဲ့ချုပ်၏လုပ်ထုံးလုပ်နည်းအရ ဗဟိုလူငယ်တာဝန်ခံနှင့် တွဲဘက်တာဝန်ခံတို့ကို ဗဟိုကော်မတီဝင်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်စေသဖြင့် နိုင်ငံလုံးဆိုင် ရာညီလာခံက ရွေးချယ်တင်မြှောက်ခဲ့သော ဗဟိုကော်မတီဝင် ၁၂၂ ဦးအနက် ပါတီစည်းကမ်း ထိန်းသိမ်းရေးမူများအရ ထုတ်ပယ်ခြင်းခံရသူခြောက်ဦး၊ ကွယ်လွန်သူလေးဦးရှိ ခဲ့သည့်အတွက် ပထမ-ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ လစ်လပ်နေသော ဗဟိုကော်မတီဝင်များနေရာအတွက် သက်ဆိုင်ရာဒေသအလိုက် အရန်ဗဟိုကော်မတီဝင် လေးဦးကို ဗဟိုကော်မတီဝင်အဖြစ် တိုးမြှင့်တာဝန်ပေး အပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၆ ခုနှစ် ဧပြီ ၅ ရက် ရက်စွဲပါကြေညာချက်အရ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၄ ဦးနှင့် ပြည်နယ်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၁၂ ဦးကို ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခဲ့သဖြင့်  ယခုကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ဗဟိုကော်မတီဝင်  ၁၃၃ ဦးနှင့် အရန် ဗဟိုကော်မတီဝင် ၂၂ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent