အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းခွင့် ပေးထားသော်လည်း လက်ရှိ အခြေအနေအထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေး

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းခွင့် ပေးထားသော်လည်း လက်ရှိ အခြေအနေအထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေး
Published 12 November 2016
ဝီရမိုးနေ

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းခြင်းကို ခွင့်ပြုထားပြီး ဖြစ်သော်လည်း လက်ရှိ အခြေအနေအထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်ကို အောက်တိုဘာလ အတွင်းက ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းရန်နှင့် အဆင်သင့်ဖြစ်နေသည့် နေရာများတွင် စတင်ကျင်းပသွားရန် သဘောတူခဲ့သည်။ဦးစိုင်းကျော်ညွန့်က “အခုဟာက ကြီးကြပ်ရေး ကော်မတီကလည်း မဖွဲ့သေးဘူး။ မဖွဲ့သေးဘူးဆိုတော့ ဒီလုပ်ငန်းတွေကို လုပ်ဖို့က ကြီးကြပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မလဲ။ ဦးဆောင်ဖွဲ့တယ် ဆိုပေမယ့် ဒါကြီးကို လှုပ်ရှားနေတဲ့ ဒါဖြစ်လာအောင် တွန်းတွန်းတိုက်တိုက် လုပ်တဲ့လူတော့ ရှိဖို့ လိုတာပေါ့လေ။ ဥပမာ ကျွန်တော်တို့ အတွင်းရေးမှူးများ အစည်းအဝေးခေါ်ပြီး လုပ်မှာလား။ ဒါမှ မဟုတ်ရင် ဒုဥက္ကဋ္ဌများက ဘယ်လိုလုပ်မလဲ။ အဲဒီ ကြီးကြပ်ရေးကော်မတီ ဖွဲ့ဖို့ကိုတောင်မှ အမှန်အတိုင်းပြောရင် ဒီမှာက ဘယ်ကနေ စမယ်ဆိုတဲ့ ရှင်းရှင်းလင်းလင်းက မရှိသေးဘူး ဖြစ်နေတယ်။ ဖွဲ့ရမယ်မှန်းတော့ သိတယ်။ ဘယ်သူက ဥပမာ အစိုးရကပဲ နည်းနည်း ဦးဆောင်ပြီးတော့ ခေါ်ပြီးတော့ ဖွဲ့လိုက်မယ်။ ဒါမှမဟုတ်ရင် ဆိုင်ရာဆိုင်ရာ UPDJC အတွင်းရေးမှူးတွေနဲ့ အစည်းအဝေး ကျင်းပပြီးတော့ ဘယ်လိုဖွဲ့မလဲပေါ့။ အဲဒီလို လုပ်လိုက်မယ် ဆိုမှသာလျှင် နောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ နောက်တစ်ဆင့် သွားလို့ရမယ် ထင်တယ်။ အခုဟာက အမျိုးသားအဆင့် လုပ်ဖို့အတွက် လုပ်ငန်းလမ်းညွှန်တွေက ရှိနေပြီ။ ဒါပေမဲ့ ဘယ်ကနေ စကိုင်ရမလဲ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ အာရုံစိုက်ပြီးတော့ ဘယ်သူက တစိုက်မတ်မတ် လုပ်နေလဲပေါ့ အဲဒါက မေးခွန်းလို နည်းနည်း ဖြစ်နေတာပေါ့လေ” ဟု ပြောကြားသည်။အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့် အစုအဖွဲ့များ အနေဖြင့် ထိုသို့ ကျင်းပခြင်းနှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူးများမှတစ်ဆင့် ဒုတိယ ဥက္ကဋ္ဌများထံသို့ တင်ပြရမည် ဖြစ်သော်လည်း လက်ရှိ အခြေအနေအထိ UPDJC ထံသို့ တင်ပြလာခြင်း မရှိသေးကြောင်း သိရသည်။“ဖွဲ့တာကတော့ UPDJC က ဖွဲ့ပေးရမယ်။ ဥပမာ ကရင်မှာ လုပ်ချင်ပြီဆိုရင် ကရင်ပြည်နယ်ရဲ့ ကြီးကြပ်ရေးကော်မတီ ဖွဲ့ရမှာပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီ (ကရင်ပြည်နယ်) ဖွဲ့ရမယ်။ ဒါဆိုရင် ကရင်နိုင်ငံရေးပါတီ ပါမယ်၊ ကရင်လက်နက်ကိုင် ပါမယ်၊ ပြီးတော့ အစိုးရ ပါမယ်။ အဲဒီ စုဖွဲ့ပြီးမှ အတည်ပြုပေးရမှာတော့ UPDJC က အတည်ပြုပေးရမှာ။ ဒါပေမဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာလည်း အဲဒီ လှုပ်ရှားမှုကလည်း မတွေ့ရသေးဘူး။ ဥပမာ ကရင်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်တယ်ဆိုရင် အဲဒီကြီးကြပ်ရေး ကော်မတီကိုလည်း အရင်ဆုံး သူတို့က အစိုးရဘက်က စမလား နိုင်ငံရေးပါတီများက စဖွဲ့မလားဆိုတဲ့ ပုံစံကိုလည်း အခုဟာက ပေါ်မလာသေးဘူး ဖြစ်နေတယ်။ အဲဒီပုံရိပ်က အဲဒီလှုပ်ရှားမှုပေါ့လေ ကော်မတီကို ဘယ်လိုဖွဲ့မလဲ ဆိုတာ ဖွဲ့ခွင့်တော့ ရှိနေပြီ။ ဒါပေမဲ့ ဘယ်သူကမှ ဖွဲ့ကြရအောင် ဆိုပြီးတော့ လှုပ်ရှားနေတာ မရှိသလို ဖြစ်နေတာ” ဟု ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကြီးကြပ်ရေးကော်မတီများကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရအစုအဖွဲ့၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့များမှ အချိုးကျ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုအစုအဖွဲ့ သုံးခုမှ မည်သူက စတင်ဦးဆောင်မည်ကို ရှင်းလင်းစွာ မရှိခြင်းကြောင့် စတင်လှုပ်ရှားမှု မပြုလုပ်သေးကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။ဆက်လက်၍ ဦးစိုင်းကျော်ညွန့်က “အားစိုက်ရမှာတော့ သုံးပွင့်ဆိုင်ဆိုတော့ သုံးခုစလုံးပဲ။ အစိုးရဘက်ရော၊ တိုင်းရင်းသား လက်နက်ကိုင်ရော၊ နိုင်ငံရေး ပါတီများကရော အားလုံးကတော့ အားစိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီလို အားစိုက်နိုင်ဖို့က စုရပ်ဆုံရပ်ပေါ့။ UPDJC အစည်းအဝေး ဖြစ်တယ်။ ဒါမှမဟုတ်ရင် UPDJC အတွင်းရေးမှူးများကို တာဝန်လွှဲလိုက်တယ်။ ဒီကြီးကြပ်ရေးကော်မတီကို ဖွဲ့ဖို့။ ဒါဆိုရင်လည်း UPDJC က mandate (လုပ်ပိုင်ခွင့်)ပေးပြီးတော့ UPDJC အတွင်းရေးမှူးများက ဒီသက်ဆိုင်ရာ ပြည်နယ်တွေမှာ ကြီးကြပ်ရေး ကော်မတီတွေကို ဖွဲ့စည်းပါဆိုတဲ့ လုပ်ပိုင်ခွင့် ရမှလည်း အတွင်းရေးမှူးများက ဒီအလုပ်ကို လုပ်နိုင်မယ်။ အခုထိက အဲဒီ mandate လည်း မပေးထားတဲ့ပုံစံ ဖြစ်နေတော့ ဒါကြီးကို ဖွဲ့စည်းမယ်ဆိုရင် ဒါကြီး အတည်ဖြစ်ဖို့က UPDJC က အဆုံးအဖြတ် ပေးရမလို ဖြစ်နေတာပေါ့” ဟု ဆိုသည်။အစိုးရ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်ရန် လျာထားပြီး အဆိုပါ ညီလာခံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပရန် စီစဉ်ထားသည်။ကျန်ရှိနေသည့် ကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ခြုံငုံ ကျင်းပနိုင်ခြင်း ရှိ မရှိ အပေါ်တွင် “လုံလောက်မှု ရှိလားဆိုတော့ ဘယ်လောက်စနိုင်မလဲပေါ့။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်နှပွဲ လုပ်ဖြစ်နိုင်မလဲ။ လုပ်ဖို့ကရော ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းများက ဘယ်လောက် ကြိုးပမ်းနိုင်မလဲပေါ့။ သဘောအားဖြင့် ကျွန်တော်တို့ ရှမ်းဆိုလည်း ကျွန်တော်တို့ တစ်ပါတီတည်း လုပ်မလား။ ကျွန်တော်တို့ ဘယ်နေရာ သွားလုပ်မလဲ။ ဒါမှမဟုတ် ကျွန်တော်တို့ ရှမ်း CSO တွေ တခြား ရှမ်းလက်နက်ကိုင် အခု လက်မှတ်ထိုးထားတဲ့ RCSS ပေါ့လေ။ သူတို့နဲ့ ပူးပေါင်းပြီး လုပ်နိုင်မလား။ CSO တွေပါ ခေါ်မလား။ အဲဒါက ပွဲစီစဉ်ဖို့ အတွက်ကလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်မှာပဲလေ။ ကြိုးစားကြည့်လို့မှ ဖြစ်တယ်ဆိုရင်လည်း လုပ်လို့ရတာပေါ့ဗျာ။ ဒါပေမဲ့ ကြိုးစားကြည့်မှ ညီလာခံတစ်ခုလုပ်ဖို့ ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ ဆိုတာကလည်း သိတဲ့အတိုင်းပဲ စီစဉ်တဲ့ အချိန်က တော်တော် အချိန်ပေးရတာပေါ့။ အဲဒီလိုတွေလည်း ရှိနေတော့ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်မှာပဲ။ ကြိုးစားကြည့်လို့ မီတယ်ဆိုရင်လည်း လုပ်နိုင်တာပေါ့ဗျာ။ မမီဘူး ဆိုရင်လည်း အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် ကျွန်တော်တို့ လုပ်မှာပေါ့ဗျာ။ ဒီလိုပဲ စဉ်းစားရမှာပဲ။ ကျန်တဲ့ အဖွဲ့အစည်းများကလည်း ဒီအတိုင်းပဲ စဉ်းစားရမှာပဲလို့ မြင်တယ်” ဟု ဦးစိုင်းကျော်ညွန့်က ဖြေကြားသည်။အချို့တိုင်းရင်းသား ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍများမှ ခေါင်းစဉ်ခွဲများအတွက် အကြိုပြင်ဆင်မှု ပြုလုပ်နေခြင်းများလည်း ရှိသည်။အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလဒ်များအား စုစည်း၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့ တင်သွင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်ကြောင်း UPDJC တာဝန်ရှိသူများထံမှ သိရသည်။

Most Read

Most Recent