NCA လက်မှတ်ရေးထိုးပြီးနောက် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ခိုင်မာရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးမလိုချင်ဘဲ အကျိုးစီးပွားကြောင့်ဟု ထင်မြင်မှုများ လုံးဝမဟုတ် ကြောင်း DPN အဖွဲ့ခေါင်းဆောင် ပြောကြား

NCA လက်မှတ်ရေးထိုးပြီးနောက် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ခိုင်မာရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးမလိုချင်ဘဲ အကျိုးစီးပွားကြောင့်ဟု ထင်မြင်မှုများ လုံးဝမဟုတ် ကြောင်း DPN အဖွဲ့ခေါင်းဆောင် ပြောကြား
Published 11 November 2016
ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

NCA လက်မှတ်ရေးထိုးပြီးနောက် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ခိုင်မာရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး မလိုချင်ဘဲ အကျိုးစီးပွားကြောင့်ဟု ထင်မြင်မှုများ လုံးဝမဟုတ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်က နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့်  DPN အဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ရာ၌ ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ခူဦးရယ်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အစိုးရထံ အဆိုပြုထားသော အချက်ကိုးချက်နှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာမှ ပြေလည်မည်ဆိုသည်ကို ရပ်တည်ပြောခဲ့ပြီးဖြစ်ကြောင်း၊ ပြဿနာအကြောင်း အပြစ်ရှာပြောမနေဘဲ သွားသင့်သည့်လမ်းကြောင်းကို အဖြေရှာရန် စဉ်းစားသင့်သည်ကို နှစ်ဖက်စလုံးက နားလည်ထားသည်ဟုယူဆကြောင်း၊ ပြဿနာဖြစ်ပါက ပြဿနာအတွင်းမှာ ပါဝင် ပတ်သက်သည့် လူပုဂ္ဂိုလ် အစုအဖွဲ့အားလုံး ပါဝင်ပြီးပြောဆို ဆွေးနွေးမှ ပြဿနာကို ဖြေရှင်းရာရောက်မည်ဟု မိမိတို့ဘက်က ခံယူထားကြောင်း၊ ပြဿနာအတွင်း ပါဝင်သူများကို ခြွင်းချန်ပါက ပြဿနာ အစိတ်အပိုင်းများကို ခြွင်းချန်ရာ ရောက်သကဲ့သို့ဖြစ်နိုင်သည့်အတွက် ငြိမ်းချမ်းရေးခရီးရောက်ရန် မဖြစ်နိုင်ဘဲ ပြဿနာဖြေရှင်းရာလည်း မရောက်ကြောင်းနှင့် ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြဿနာလမ်းကြောင်းတွင် ပါဝင်ပတ်သက်သူအားလုံး ပါဝင်နိုင်ရန်အတွက် အားလုံးပါဝင်ရေးမူကို အစဉ်တစိုက် ပြောနေခြင်းဖြစ်ကြောင်း ခူဦးရယ်က ပြောကြားသည်။
“ဒါဟာ အဓိကအခြေခံလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမဲ့ ကနေ့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးအဖြေရှာမှုဟာ ငါးနှစ်တာရောက်နေပြီ။ ကျွန်တော်တို့အသေးစိတ် မဟုတ်သော်လည်းပဲ ကျွန်တော်တို့ဘာတွေ ပြောကြတယ်။ ဘယ်နှကြိမ်တွေ့ကြတယ်။ ဘယ်လိုရလဒ်ကောင်းတွေ ရတယ်၊ မရဘူး။ ကျွန်တော်တို့ ဘယ်လိုအစီအစဉ်နဲ့ သွားနေတယ်။ ကျွန်တော်တို့ ဘေးနားကနေ မျက်စိစိုက်ပြီးတော့ ကြည့်နေတဲ့ လူထုကသိရအောင်ဆိုပြီးတော့ အသိပေးသင့်တာတွေကိုတော့ ကျွန်တော်တို့ အသိပေးခဲ့တယ်လို့ ယူဆတယ်။  ဒီလိုအသိပေးတာလည်း ကျွန်တော်တို့မှာ တာဝန်ရှိသလိုပဲ အထူးသဖြင့် သတင်းမီဒီယာကတစ်ဆင့် ချပြဖို့လိုတယ်လို့ ကျွန်တော်တို့ ယူဆပြီးတော့ ကနေ့အထိ လူထုတော်တော်များများမှာ ဝိုးတိုးဝါးတား သဘောသွားနေ၊ မြင်နေရသေးတယ်လို့ ကျွန်တော်က အဲဒီလိုပဲ သုံးသပ်မိတယ်” ဟု ခူဦးရယ်က ပြောကြားသည်။
NCA နှင့်ပတ်သက်၍ ညီနောင်အချို့ လက်မှတ်ရေးထိုးပြီး ကျန်အဖွဲ့များ မည်သည့်အတွက်ကြောင့် လက်မှတ်မထိုးကြသလဲဟု အမြဲတမ်း အမေးခံရသည့် မေးခွန်းဖြစ်ကြောင်း၊ အခြေခံ အကြောင်းတရားများရှိကြောင်း၊ ပြဿနာအားလုံးတွင် ပါဝင်ပတ်သက်ခဲ့သူများ မပါခဲ့သည့်အတွက်ကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကြန့်ကြာနေခြင်းသည် အားလုံး မပါဝင်ခြင်းက အဓိကကျသည် ဟုမြင်ကြောင်း၊ သို့ဖြစ်၍ စိတ်ရင်းစေတနာအမှန်ဖြင့် လက်တွေ့ကျကျ မေတ္တာရှေ့ထား အဖြေရှာမည်ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် မျှော်လင့်၍ရမည်ကို တရားဝင်အသိပေး ပြောကြားလိုကြောင်းနှင့် နည်းလမ်းအသွယ်သွယ်ဖြင့် အဖြေရှာမည်ဆိုသည့် သန္ဒိဋ္ဌာန် ချထားမှုရှိပြီးကြောင်းကို ပြောလိုကြောင်း ၎င်းက ပြောကြားသည်။
“အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ကတော့ ခေါင်းမာလို့၊ စိတ်ဆန္ဒမရှိလို့၊ ငြိမ်းချမ်းရေး မလိုချင်လို့၊ အကျိုးစီးပွား တစ်စုံတစ်ရာရှိလို့တဲ့ အထင်အမြင်ဟာ လုံး၀ လုံးဝမဟုတ် ဘူးဆိုတာ ကျွန်တော်ထည့်ပြီး ပြောချင်ပါတယ်။ အဓိကအခြေခံကတော့ ပြဿနာ တစ်စုံလုံး ဖြေရှင်းမှ ငြိမ်းချမ်းမှုကို ကျွန်တော်တို့ ရရှိမယ်။ ညီညွတ်ရေးကို တည်ဆောက်လို့ ရမယ်လို့ ကျွန်တော်တို့ အခြေခံထားတဲ့ အတွက်ကြောင့်မို့ အခုလို ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေတာဟာ သာဓကပဲ ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်” ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။
DPN အနေဖြင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေခြင်းသည် အဓိက အခြေခံ အကြောင်းတရားများရှိကြောင်း၊ NCA တွင် အားလုံးပါဝင်ရေးဆိုသည့် အချက်တစ်ခုတည်းကိုပဲ အကြောင်းပြုပြီး ပြောနေသော်လည်း အနုစိတ် ပြောမည်ဆိုပါက အကြောင်းတရားများစွာ ရှိကြောင်း၊ NCA စာချုပ်တွင် လိုအပ်ချက်များ၊ ဖြည့်ဆည်းရမည့် အကြောင်းအရာများ၊ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမည်များ ရှိသော်လည်း NCA ကို ညီနောင်အစုအဖွဲ့၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံတကာအသိ သက်သေများ ပါဝင် လက်မှတ်ရေးထိုး အတည်ပြု ထားသည့်အတွက် မိမိတို့ဘက်က NCA ကို ပြန်လည်ပြုပြင်ခြင်း၊ ပြင်ဆင်ရန်  Review လုပ်ရန်ဆိုသည့် အကြံအစည် အတွေးအခေါ်လုံးဝမရှိကြောင်း ခူဦးရယ်က ပြောကြားသည်။
“အဲဒီလိုမလုပ်ဖို့ ကျွန်တော်တို့ဘက်ကလည်း စဉ်းစားပြီးဖြစ်တယ်။ သို့သော် NCA သဘောတူညီချက်ကို လက်မှတ်ရေးထိုးရင် ခိုင်မာတဲ့ သဘောတူညီချက် တစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက် အဆိုပြုချက် ရှစ်ချက်ကို ဆက်လက်ညှိနှိုင်း ဆွေးနွေးတာတွေ ရှိနေတာဖြစ်ပါတယ်။ တစ်ခုကတော့ ဒီလိုမျိုး သဘောတူညီပြီးလိုက်လို့ ရှိရင် အကောင်အထည်ဖော်ရမယ့် အပိုင်းရှိပါတယ်။ အဲဒီတော့ အကောင်အထည်ဖော်ရမယ့် အပိုင်းနဲ့ ပတ်သက်လို့ရှိရင် အထူးသဖြင့် NCA သဘောတူညီချက်ရပြီးရင် ပဋိပက္ခဘက်ကို ပြန်ဦးမတည်ရလေအောင် စောင့်ကြည့်စိစစ်ဖို့ လိုပါတယ်။ အဲဒီတော့ စောင့်ကြည့်ရေး၊ စိစစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုသွားကြမယ် ဆိုတဲ့ကိစ္စကို အကျေအလည်ညှိနှိုင်းဆွေး နွေးအဖြေရှာဖို့လိုပါတယ်။ ဒါပြီးလို့ရှိရင် ကျွန်တော်တို့အားလုံး တာစူနေကြတာကတော့ ဒီကနေတစ်ဆင့်မှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ဆက်သွားရမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာကြဖို့ အားလုံးလက်ခံထားတဲ့ အတွက်ကြောင့်မို့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဖြစ်စဉ်ကို အဆင့်ဆင့် စနစ်တကျသွားနိုင်ဖို့အတွက် မူဘောင်ကိုလည်း ရေးဆွဲခဲ့ကြတယ်။ ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီတော့ဆိုလိုချင်ကတော့ ပြောရရင် တကယ်လု့ိများ NCA ကို သဘောတူလက်မှတ် ရေးထိုးမယ်ဆိုရင် ခိုင်မာတဲ့ သဘောတူညီချက် ဖြစ်ဖို့အတွက် ကျွန်တော်တို့ အဲဒါကိုလိုချင်တယ်” ဟု ခူဦးရယ်က ပြောကြားသည်။
အပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ပါဝင်လာအောင် နည်းလမ်းများ ရှာရမည်ဖြစ်ပြီး အဆိုပါအဖွဲ့များမှလည်းပါဝင်လာရန် စိတ်အားထက်သန်ရန် လိုအပ်ကြောင်း UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်၌ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် ပြောကြားသည်။
“အချိန်ကိုသိပ်မဆွဲပါနဲ့။ ကျွန်မတို့ကို အချို့က ပြောပါတယ်။ အချိန်ပေးပါဦး။အချိန်ကို မပေးချင်လို့ မဟုတ်ဘူး။ အချိန်ကို မဆွဲချင်လို့။ အချိန်ဆွဲတာနဲ့ အချိန်ပေးတာ မတူပါဘူး။ အချိန်ပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ ပြီးမြောက်အောင်လုပ်ဖို့ အချိန်ပေးခြင်းဖြစ်ပါတယ်။အချိန်ဆွဲတယ်ဆိုတာက တကယ်လုပ်ဖို့ မလိုအပ်ဘဲ အကြောင်းကြောင့်မို့လို့ ဆုံးဖြတ်ချက် မချချင်လို့ အချိန်ကို မကုန်ကုန်အောင် လုပ်ထားတာက အချိန်ဆွဲခြင်းဖြစ်ပါတယ်။အချိန်ဆွဲနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ကျွန်မတို့ နိုင်ငံဟာ အချိန်ဆွဲလို့ မရပါဘူး။ ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဘယ်လောက်လောက် အချိန်ယူချင်သေးလဲ။ အချိန်ယူဖို့ ဆိုတာကတော့ ငြိမ်းချမ်းရေးညီလာခံထဲ ဝင်ပြီး အချိန်ယူ ဆွေးနွေးကြပါ။ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံးပါဝင်ကြပါ။ ဒီလိုပြောခြင်းအားဖြင့် လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေရဲ့အနေအထားကို နားလည်မှု မပေးတာမဟုတ်ပါဘူး။ နားလည်မှုပေးပါတယ်။ ဒါပေမဲ့လည်း ဟိုဘက်ကလည်း ကျွန်မတို့ကို နားလည်မှု ပေးစေချင်ပါတယ်။ အချိန်ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အချိန်နှင့်တစ်ပြေးညီ သွားရသည်ကို သဘောပေါက်သော်လည်း တစ်ဖက်ကိုတစ်ဖက် ဖိအားပေးသည့် အနေအထားမျိုး မဖြစ်ရန်အရေးကြီးကြောင်း၊ တစ်ဖက်၏ တင်ပြဆွေးနွေးသည့် အကြောင်းအရာနှင့်ပတ်သက်၍ တစ်ဖက်နားလည်မှုရှိရန် လိုကြောင်း၊  တစ်ခါတစ်ရံတွင် တင်ပြဆွေးနွေးသည့် အကြောင်းအရာများကို တစ်ဖက်က နားလည်မှု လွဲချော်နေခြင်းများ ရှိသည့်အတွက် မိမိတို့တစ်ကြိမ်နှင့်တစ်ကြိမ်ကြား တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်များတွင် တစ်ဖက်နှင့်တစ်ဖက် ထားရှိသည့်ယုံကြည်မှု၊ သဘောထားများ ကွာဟနေဆဲရှိသည်ကို လေ့လာသိရှိရကြောင်း ခူဦးရယ်က ပြောကြားသည်။      
 

Most Read

Most Recent