၂၀၁၅ နှစ်ကုန်ပိုင်းက ရွှေပြည်သာမြို့နယ်၌ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးနေသူအား တစ်နှစ်နီးပါးကြာမှသာ ဖမ်းဆီးရမိ

၂၀၁၅ နှစ်ကုန်ပိုင်းက ရွှေပြည်သာမြို့နယ်၌ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးနေသူအား တစ်နှစ်နီးပါးကြာမှသာ ဖမ်းဆီးရမိ
Published 9 November 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ရွှေပြည်သာမြို့နယ်တွင် လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူတစ်ဦးကို တစ်နှစ်နီးပါး ကြာမှသာ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် ပွဲဈေးလမ်းထိပ်၌ ခိုက်ရန်ဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ဓားထိုးခံရသူမှာ ကို..... ဖြစ်ကြောင်း သိရသည်။
ဓားဖြင့် အထိုးခံခဲ့ရသည့် ကို.....သည် အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများကို လှော်ကား နယ်မြေရဲစခန်းက (ပ)၅၀၁/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူသုံးဦး အနက် ကတုံး (ခ) စိုးမင်းဦး၊ ဖိုးသာထူး (ခ) ချစ်သက်ထွန်းတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့သော် ကျန်ရှိနေသည့် ကြက်ဖကြီး (ခ) အောင်မျိုးသန်းဆိုသူမှာ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် လူဆိုးလူမိုက် တစ်ဦးဖြစ်သူ ကြက်ဖကြီး (ခ) အောင်မျိုးသန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ မြင်းလှည်းဂိတ်အနီး၌ ၎င်းက ယာဉ်တစ်စီးအား မောင်းနှင်လာစဉ် အရိုးအသွား ၁၄ လက်မခန့်ရှိ ဓားတစ်ချောင်း နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းအား ရွှေပြည်သာမြို့မ ရဲစခန်းက (ပ) ၁၂၇၂/၂၀၁၆၊ လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။