အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များကို အဂတိတရား ကင်းရှင်းစွာဖြင့် အလေးထား ဆောင်ရွက်သွားကြရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များကို အဂတိတရား ကင်းရှင်းစွာဖြင့် အလေးထား ဆောင်ရွက်သွားကြရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 7 November 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များကို အဂတိတရား ကင်းရှင်းစွာဖြင့် အထူးအလေးထား ဆောင်ရွက်သွားကြရန် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်က ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများနှင့် တစ်သားတည်းဖြစ်သည့် အားလျော်စွာ ပြည်သူလူထု၏ အခြေအနေကို ထဲထဲဝင်ဝင် သိရှိအောင် ဆောင်ရွက်ပြီး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ယနေ့ ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ သဘောတရား၊ ဒီမိုကရေစီ စနစ်နှင့်အညီ လုပ်ငန်းတာဝန်များ အောင်မြင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် အဆင့်ဆင့်သော ဌာနဝန်ထမ်းများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စီမံခန့်ခွဲမှုပြုလုပ်ရန် လိုအပ်ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသော မြေလွှဲ၊ မြေသိမ်းနှင့် မြေငှားဂရန်များ ထုတ်ပေးသည့် မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ယစ်မျိုးလိုင်စင် ထုတ်ပေးသည့် ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ ဆောင်ရွက်သည့် ကိစ္စရပ်များ စသည်တို့အား တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ လုံခြုံရေးနှင့်ပတ်သက်၍ ဂရုပြုဆောင်ရွက်ရန် အချက်များ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးစသည့် လုပ်ဆောင်ထားရမည့် အချက်များအား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယည ွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၃၀ တက်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များ၌ ပွဲလမ်းသဘင်ကို အကြောင်းပြပြီး မသမာသည့် ငွေသိမ်းငွေယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ပါက သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု  အောက်တိုဘာ ၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောကြားသည်။
 

Most Read

Most Recent