လားရှိုးမြို့တွင် ဖခင်ဖြစ်သူက သားသမီးငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ

လားရှိုးမြို့တွင် ဖခင်ဖြစ်သူက သားသမီးငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ
Published 7 November 2016
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဖခင်ဖြစ်သူမှ မိမိ၏ သားသမီးငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ (၄)၊ ချယ်ရီလမ်းနေ အိုက်ကျုံး (ခ) အိုက်ကျွမ်း (၃၇)နှစ်သည် မိမိ၏ သားသမီး ငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် ကလေးငါးဦးအနက် မောင်ဆွေလောင်း (လေးနှစ်) တွင် ယာကုပ် ပြတ်ရှဒဏ်ရာ၊ မောင်ဆိုင်မိန်း (နှစ်နှစ်) တွင် လည်ပင်းဝဲဘက် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မောင်ညီနပ် (ငါးနှစ်)၊ မရယ်လင်း (ခုနစ်နှစ်) လည်ပင်း ပြတ်ရှဒဏ်ရာ၊ မရေးကပ် (ကိုးလ) တွင် ပါးစပ် ဓားဒဏ်ရာများ ရရှိခဲ့သည်။
“ဦးအိုက်ကျုံးက ကလေးတွေနဲ့ သူ့မိန်းမကို အိပ်ကြရအောင်ဆိုပြီး အိပ်ခန်းထဲမှာ ခေါ်သွားပြီး အိပ်မယ်လို့ပြောတယ်။ နောက်သူက ဓားကိုထုတ်ယူနေတဲ့အချိန် သူ့မိန်းမက အကူအညီတောင်းဖို့ တစ်အိမ်ကျော်က သူ့မောင်လေးအိမ်ကိုပြေးပြီး သွားအကူအညီတောင်းတာ။ ပြေးပြီးသွားခေါ်တဲ့အချိန်မှာ ကလေးတွေကို ဓားနဲ့ လှီးထားတာ။ သမီးနှစ်ယောက်နဲ့ သားလေးယောက်ရှိတာ။ စုစုပေါင်း ရှစ်ယောက်ရှိတဲ့ထဲက သားအကြီးဆုံးက သူ့အဘိုးအိမ်မှာသွားနေတော့ လွတ်သွားတာ။ ဒီအိမ်မှာနေတာက သူတို့လင်မယားရယ် သားသမီး ငါးဦးရယ် စုစုပေါင်း ခုနစ်ယောက်နေတာပါ။ ဦးအိုက်ကျုံးက အရင်ကပန်ဆန်းဘက်မှာ ပန်းရန်သွားလုပ်တယ်။ အခုပြန်လာတာ သိပ်တော့ မကြာသေးဘူး” ဟု တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်းဖြစ်သူ ဒေါ်ယေ့ကားက ပြောကြားသည်။
ဦးအိုက်ကျုံးသည် မိမိ၏ သားသမီး ငါးဦးအား ဓားဖြင့်လှီးပြီး မိမိကိုယ်မိမိလည်း ဓားဖြင့် လည်ပင်းလှီးသဖြင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိထားကာ လားရှိုး ပြည်သူ့ဆေးရုံကြီး ခွဲစိတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ကလေးများအား သေဆုံးအောင်နှင့် ဒဏ်ရာ ရရှိအောင်ပြုလုပ်သူ အိုက်ကျုံး (ခ) အိုက်ကျွမ်း (၃၇) နှစ်အား လားရှိုးမြို့မ ရဲစခန်းတွင် (ပ) ၄၃၆/၁၆၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၃၂၆ အရ စစ်ဆေးလျက်ရှိကြောင်း သိရသည်။