တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Published 3 November 2016
ကျော်ဇင်ဝင်း

တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့သည် ကျောက်မဲမြို့နယ်နှင့် မိုးမိတ်မြို့နယ်များ၌ နိုဝင်ဘာ ၂ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့က သတင်းထုတ်ပြန်သည်။
PSLF/TNLA အဖွဲ့၏ ထုတ်ပြန်ချက်အရ တပ်မတော်နှင့် TNLA ကြား နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်၊ လွယ်ခမ်းကျေးရွာအနီး၌ လည်းကောင်း၊ မိုးမိတ်မြို့နယ် ခွန်ခါကျေးရွာ၌လည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ TNLA နေရာယူထားသည့် လွယ်ခမ်းကျေးရွာအထက် တောင်ကုန်းအား တပ်မတော်မှ လာရောက် တိုက်ခိုက်သဖြင့် မိုးမိတ်မြို့နယ် ခွန်ခါကျေးရွာ တပ်မတော် အခြေစိုက်ထားသည့် တပ်စခန်းအား TNLA က ပြန်လည်သွားရောက် ပစ်ခတ်တိုက်ခိုက ခဲ့ခြင်းဖြစ်ကြောင်း PSLF/TNLA အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
"ဒီနေ့ (နိုဝင်ဘာ ၃ ရက်) တော့ အခုထိ ဘာသတင်းမှ ပို့တာမရှိသေးဘူး။ ဖြစ်စဉ်ကတော့ တောက်လျှောက် ဖြစ်တာပေါ့နော်။ ၂၉ ရက် မနေ့က (နိုဝင်ဘာ ၂ ရက်) အထိ တိုက်ပွဲပေါင်း လေးရက်အတွင်းကို (၁၅) ကြိမ်ဖြစ်တယ်။ သူတို့က ကျွန်တော်တို့နေတဲ့ နေရာကို ဝိုင်းပြီးတိုက်တယ်ပေါ့နော်။ ၁ ရက်နေ့ ညကတည်းက မနေ့ကတော့ မနက်လင်းလင်းချင်း သူတို့က လာတိုက်တယ်။ အဲဒါကြောင့်မို့ တစ်ဖက်က ကျွန်တော်တို့ သူတို့တပ်စခန်းကို သွားပြီး တိုက်တယ်။ ခွန်ခါကျေးရွာမှာရှိတဲ့ တပ်စခန်း။ အဓိကဖြစ်တာတော့ သူတို့က ကျွန်တော်တို့ နေတဲ့နေရာကို လာတိုက်တယ်။ လာတိုက်တာက တောတွင်းထိကို လိုက်ပြီးတိုက်တော့ တိုက်ပွဲက ခါတိုင်းထက်ကို ပိုစိပ်တယ်" ဟု PSLF/TNLA အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ပြောကြားသည်။
ထို့ပြင် တပ်မတော်နှင့် TNLA ကြား နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက နမ့်ဆန်မြို့နယ် ဟူးခင်းကျေးရွာအနီး၌ လည်းကောင်း၊ ဟူးခင်းနှင့် ဟိုမိန်းကျေးရွာကြား၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့နယ် ပန်စံရေးကျေးရွာအနီး၌ လည်းကောင်း၊ ပါလိုင်ကျေးရွာအနီး လည်းကောင်း လေးကြိမ်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က သီးခြားသတင်း ထုတ်ပြန်ထားခြင်း မရှိပေ။
သို့ရာတွင် အောက်တိုဘာလကုန်ပိုင်းတွင် TNLA အဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာ ရမှုများရှိကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ၏ နိုဝင်ဘာ ၁ ရက်တွင် သတင်းဖော်ပြချက်အရ သိရသည်။
မြဝတီသတင်းစာ၏ သတင်းဖော်ပြချက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းသည် ပုံမှန်နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကုန်းသာကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ အရောက် TNLA လက်နက်ကိုင်အဖွဲ့မှ အင်အား ၅၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း ရေးသားထားသည်။
ထို့အတူ တပ်မတော်စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် အူးမန်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက် TNLA လက်နက်ကိုင်အဖွဲ့မှ အင်အား ၅၀ ခန့်သည် လမ်း၏ ဘယ်/ညာ တောင်ကုန်းများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူသည် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်သို့ နှစ်ဖွဲ့ခွဲ၍ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပန်အလောက် ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် TNLA လက်နက်ကိုင်အဖွဲ့မှ အင်အား ၇၀ ခန့်က ဆွဲမိုင်း ငါးလုံးဖောက်ခွဲပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်တိုက်ခိုက်ရာ အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း မြဝတီသတင်းစာ၌ ဖော်ပြထားသည်။
ယင်းဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရန်သူ့ထံမှ ဒေသန္တရလုပ် ရှေ့ထွက်မိုင်းသုံးလုံး၊ TNLA တံဆိပ်ပါ ဦးထုပ်တစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း မြဝတီသတင်းစာ ဖော်ပြချက်အရ သိရသည်။
 
"စစ်ပွဲရဲ့ သဘောကတော့ ကျွန်တော်တို့နေတဲ့ တောထဲမှာ သူတို့က လိုက်လံပြီး တိုက်ခိုက်တဲ့ အချိန်ကြတော့ တစ်ဖက်နဲ့ တစ်ဖက် ပြောမယ်ဆိုရင်တော့ နှစ်ဖက်တွေ့ပြီးမှ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ အဓိကကတော့ ထိုးစစ်ပေါ့။ ထိုးစစ်မရှိရင်တော့ တိုက်ပွဲက လျော့ကြသွားမှာပေါ့နော်။ အခုလိုမျိုး ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ တောထဲအထိကို သူတို့က လိုက်လံပြီးတော့ တိုက်ခိုက်နေတယ်။ အဲဒီကြောင့်မို့ တိုက်ပွဲက ပိုပြီးဖြစ်သွားတာ။ ကျွန်တော်တို့က တိုက်ပွဲမဖြစ်အောင် တတ်နိုင်သမျှရှောင်တယ်။ တိုက်ပွဲအကုန်လုံးကို ကြည့်မယ်ဆိုရင် တစ်နာရီ၊ နှစ်နာရီကြာတဲ့ တိုက်ပွဲမရှိဘူး။ ကျွန်တော်တို့ ထိပ်တိုက်တွေ့ပြီးမှ ၁၅ မိနစ်၊ မိနစ် ၂၀၊ အလွန်ဆုံး နာရီဝက် အဲဒီလိုထိပ်တိုက်တွေ့ပြီးမှ ကျွန်တော်တို့ဘက်က ပြန်ဆုတ်တာများတယ်" ဟု TNLA အဖွဲ့မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။
PSLF/TNLA အဖွဲ့သည် NCA စာချုပ်တွင် ပါဝင်ခြင်း မရှိသေးသည့်အဖွဲ့ ဖြစ်သည့်အပြင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်ကဲ့သို့ အစိုးရနှင့် အခြားသဘောတူညီချက်များလည်း မရှိသောကြောင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရန်အတွက် အစိုးရနှင့် တစ်စုံတစ်ရာ ဆက်သွယ်ဆွေးနွေးရန် ရှိ၊ မရှိ မေးမြန်းမှုအား မည်သို့မျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။
အလားတူ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့အကြား နိုဝင်ဘာ ၁ ရက် နံနက်ပိုင်း၌ပင် မန်တုံမြို့နယ် မန်အီကျေးရွာနှင့် မန်ခိုင်ကျေးရွာကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်မတော်နှင့် တအောင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA အဖွဲ့တို့ကြား အောက်တိုဘာ လကုန်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း အကြိမ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့၏ ပြောကြားချက်အရ သိရသည်။               

Most Read

Most Recent