စစ်ကိုင်းမြို့နယ် ထန်းတောအုပ်စု ပါယ်ငါးဆယ်ေကျေးရွာ အုပ်ချုပ်ရေးမှူးအား ဂုဏ်သိက္ခာ ထိခိုက်စေသော စာသားများ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်ဟု ဆိုကာ ရွာသားတစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် သိရသည်။“ပါယ်ငါးဆယ် အုပ်ချုပ်ရေးမှူး ဦးနေဝင်းစိုးက သူ့ကို မြတ်နိုးသူ ကုမ္ပဏီဆီကနေ ငွေငါးသိန်း ယူပါတယ်ဆိုပြီး လူမှုကွန်ရက်ပေါ် ရေးသားခဲ့တဲ့ ကိုတင်ပိုကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)နဲ့ တရားစွဲပါတယ်။ ခုချုပ်ထားပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ အာမခံ မပေးပါဘူး” ဟု စစ်ကိုင်း အမှတ် ၂ စခန်းမှူး ရဲအုပ်ဇော်ထွန်းက ဆိုသည်။“ရွာအပေါ်မှာ စည်းရုံးရေး ပျက်စေမယ့် စာတွေကို ကိုလှပိုက ဖေ့စ်ဘွတ်ပေါ် တက်ရေးတယ်။ ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်း စာတွေ ဖြန့်တယ်။ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေအောင်လုပ်တယ်။ ကျွန်တော့်အပေါ် မဟုတ်မမှန် လုပ်ကြံပြီး မြတ်နိုးသူကနေ ငွေငါးသိန်း ယူပါတယ်လို့ စွပ်စွဲရေးသားလို့ အမှုဖွင့်ပြီး တရားစွဲဆိုရတာပါ။ မတတ်သာလို့ စွဲလိုက်ရတာပါ။ ခုလိုအနေအထားအပေါ်မှာ သူ မူပြင်မယ်ဆိုရင် ကျေအေးပေးမှာပါ” ဟု ပါယ်ငါးဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေဝင်းစိုးက ဆိုသည်။ပါယ်ငါးဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူးများကို ဂုဏ်သိက္ခာ ကျဆင်းစေသော စာသားများကို စည်သူဆိုသော လူမှုကွန်ရက် အကောင့်တစ်ခုက ဇူလိုင် ၉ ရက်က တင်ခဲ့ကြောင်း သိရပြီး အုပ်ချုပ်ရေးမှူးက စည်သူအကောင့်ဖြင့် လူမှုကွန်ရက်သုံးစွဲသူ ကိုတင်ပို (ဘ) ဦးချစ်ပုံ ထန်းတောအုပ်စု ပါယ်ငါးဆယ်ကျေးရွာ နေထိုင်သူအား ဇူလိုင် ၁၂ ရက်တွင် စစ်ကိုင်းအမှတ် ၁ စခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ပြီး အောက်တိုဘာ ၂၇ ရက် နံနက်တွင် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် ကိုတင်ပိုအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားမှုများအပေါ် ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်ချက်များတွင် အချို့အား ချက်ချင်းဖမ်းဆီးခြင်းများရှိပြီး အချို့ကိုမူ ချက်ချင်းဖမ်းဆီး အရေးယူမှု မရှိဘဲ ဥပဒေအကြံပေး တောင်းခံခြင်း အပါအဝင် အဆင့်ဆင့် လုပ်ဆောင်နေမှုများ ရှိရာ ယင်းပုဒ်မနှင့် ပတ်သက်၍ ဖမ်းဆီး အရေးယူခြင်းမှာ လိုရင်လိုသလို လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်၍ အမှုပုဒ်မ တူညီသော်လည်း ရဲတပ်ဖွဲ့၏ ကိုင်တွယ် ဆောင်ရွက်မှုများ မတူညီခြင်းအပေါ် ဝေဖန်မှုအချို့ ရှိနေပြီး ယင်းဥပဒေပုဒ်မ၏ မမျှတမှု အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။ ထို့အတူ ယင်းပုဒ်မနှင့် ပတ်သက်၍ အမှုဖြစ်ပွားသည့် ဖြစ်စဉ်အပေါ် မူတည်ကာ သက်ဆိုင်ရာ တရားသူကြီးများ၏ ဆင်ခြင်တုံတရားအပေါ် မူတည်၍ အာမခံပေးသင့်သည်များကိုလည်း စိစစ်လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
စစ်ကိုင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဂုဏ်သိက္ခာ ထိခိုက်စေသော စာသားများ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုကာ ရွာသားတစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရ