နေ့အချိန် နေအိမ်ထဲသို့ လူနှစ်ဦး ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်မှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွား

နေ့အချိန် နေအိမ်ထဲသို့ လူနှစ်ဦး ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်မှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွား
Published 1 November 2016
သန့်ဇင်ကျော်

သင်္ဃန်းကျွန်းမြို့နယ်တွင် နေ့ခင်းအချိန် နေအိမ်အတွင်းသို့ လူနှစ်ဦး ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကို ချွန်ထက်သောအရာ တစ်ခုဖြင့်ထောက်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် အိမ်ရှင် အမျိုးသမီး၏ ပြောပြချက်အရ သိရသည်။
အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းနေ ဒေါ်.... (၅၆ နှစ်) သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ၎င်းအား ချွန်ထက်သော အရာတစ်ခုဖြင့် ထောက်ကာ နေအိမ်၏ နောက်ဖေးဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် နေအိမ်နောက်ဖေးသို့ ရောက်ရှိသွားချိန်တွင် ယင်းအမျိုးသား နှစ်ဦးအနက် တစ်ဦးက ဒေါ်.... (၅၆ နှစ်) အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဓားဖြင့်ထောက်ပြီး ကျန်တစ်ဦးမှ ဒေါ်.... ဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် လက်ကောက် နှစ်ကွင်းအား ချွတ်ယူခဲ့ကြောင်း သိရသည်။        
လုယက်သူနှစ်ဦးမှာ ဗီရိုအတွင်း ထည့်ထားသည့် ဆွဲကြိုးတစ်ကုံးအား ထပ်မံယူဆောင်ကာ ဒေါ်.... အား “မအော်နဲ့ အော်ရင် သတ်ပစ်မယ်” ဟု ပြောဆိုပြီး နေအိမ်ထဲမှ ထွက်သွားကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာ နာရေးရှိတော့ အန်တ့ီခင်ပွန်းက အဲဒီကို သွားနေတာပါ။ အန်တီက တစ်ယောက်တည်း နေအိမ်နောက်မှာ ရှိနေတာပါ။ အဲဒီအချိန်မှာ အိမ်ရှေ့ကနေ မကြီးရှိလားဆိုတဲ့ အသံကြားလို့ ထွက်ကြည့်တော့ အမျိုးသားနှစ်ဦး တွေ့တယ်။ သူတို့က အိမ်ထဲကို ရောက်နေပြီ။ အဲဒီမှာ အန်တီက မရှိဘူးလို့ ပြောလိုက်တော့ သူတို့က အန်တီကို ချွန်ထက်တဲ့ အရာတစ်ခုနဲ့ထောက်ပြီး အိမ်နောက်ဘက်ကို ခေါ်သွားပါတယ်။ နောက်တော့ အန်တီဝတ်ထားတဲ့ လက်ကောက်နဲ့ နားကပ် ကို ယူသွားတာပါ။ နောက် အိမ်ရှေ့ ဗီရိုထဲမှာထားတဲ့ ဆွဲကြိုးကို ယူသွားတာပါ။ သူတို့ထွက်သွားတဲ့ အချိန်မှာ အန်တီလည်း နေမကောင်းဖြစ်နေတော့ ချက်ချင်း ထမသွားနိုင်ဘူး။ အန်တီလည်း တစ်ယောက်တည်း ရှိနေတော့ ချက်ချင်း မထွက်ရဲဘူးလေ။ သူတို့ပုံတွေကိုတော့ သိပ်ပီပီသသ မမြင်ရပါဘူး။ အဲဒီအချိန်မှာ မီးကလည်း ပျက်နေတယ်။ သူတို့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး” ဟု လုယက်ခံခဲ့ရသည့် အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။
အခင်းဖြစ်သည့်အိမ်မှာ လမ်းဆုံလမ်းခွ အနီး၌ရှိပြီး နေအိမ်၏ နံဘေးတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိကာ အဆိုပါလမ်းမှာလည်း လူသွားလူလာ မပျက်သော လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
“ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က နာရေးလိုက်ပို့နေတော့ ရပ်ကွက်ထဲမှာတော့ မရှိပါဘူး။ အဲဒီလို ပြုလုပ်သွားတဲ့ သူတွေက ကြိုတင်ပြီး ကြံစည်ထားတယ်လို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်က နာရေးလိုက်ပို့နေကြတော့ ရပ်ကွက်ထဲမှာလည်း လူကသိပ်မရှိဘူးလေ။ အရင်နေ့တွေကတည်းက စောင့်ကြည့်နေတယ်လို့ ထင်မိပါတယ်။ နေ့ခင်းကြောင်တောင် အချိန်တောင် ဒီလိုတွေဖြစ်နေတော့ ရပ်ကွက်နေပြည်သူတွေကို အချိန်တိုင်း အသိ၊ သတိနဲ့ နေကြဖို့ နှိုးဆော်ထားပါတယ်” ဟု ယင်းရပ်ကွက်၏ ဆယ်အိမ်မှူး  ဦးတင်မြင့်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၄၅၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။