ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အမှတ် ၂ ရဲစခန်းတွင် အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook စာမျက်နှာပေါ်တွင် ညစ်ညမ်းစွာ ဆဲရေးတိုင်း ထွာသည်ဟုဆိုကာ မစန္ဒီမြင့်အောင် ဆိုသူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် အဝေးပြေးယာဉ် ဝင်းသစ်အတွင်း နေထိုင်သူ မလင်းလဲ့လဲ့လှိုင် (အသက် ၁၈ နှစ်) (အဘ- ဦးဌေးနိုင်) မှ ပဲခူးမြို့ ကလျာဏီရပ်ကွက် ရွှေပြည်တန် ၂ လမ်းတွင် နေသူ မစန္ဒီမြင့်အောင် (အသက် ၁၉ နှစ်)(အဘ- ဦးမြင့်အောင်)အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ ခုနှစ်အတွင်း မတ် ၁၁ ရက်တွင် တစ်ကြိမ်၊ မတ် ၁၈ ရက်တွင် တစ်ကြိမ်၊ ဧပြီ ၁၅ ရက်တွင် တစ်ကြိမ်၊ မေ ၃ ရက်တွင် တစ်ကြိမ်၊ မေ ၁၆ ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၈ ရက်နှင့် ၂၀ ရက်၊ အောက်တိုဘာ ၁၅ ရက်တို့တွင် ညစ်ညမ်းစာများ ရေးသားပြီး Facebook တွင် ဖော်ပြခဲ့ကြောင်း ပုံ ၁၀ ပုံ အပါအဝင် အထောက်အထားများဖြင့် အမှတ် ၂ ရဲစခန်းသို့ လာရောက်တိုင်ကြား၍ ဒုရဲအုပ်သန်းထွန်းက (ပ)/၈၆၂ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ပေးခဲ့ကြောင်း သိရသည်။“ကျွန်မနဲ့ လိုင်းပေါ်မှာတွေ့တယ်။ သူ့ကို ကျွန်မ အပြင်မှာ မသိဘူး။ နိုင်ငံတော် အကြီးအကဲကို စော်ကားတာ မခံနိုင်လို့ ပြည်သူ တစ်ယောက် အနေနဲ့ပဲ အမှုဖွင့် တိုင်ကြားတာပါ” ဟု အမှုဖွင့်တိုင်ကြားသူ မလင်းလဲ့လဲ့နိုင်က ပြောကြားသည်။“ကျွန်မသမီးက အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ ဒုတိယနှစ် ပထဝီဘာသာ အထူးပြုနဲ့ ပဲခူးတက္ကသိုလ်မှာ တက်နေတာပါ။ ကျွန်မယောကျ်ားက ကြံ့ခိုင်ရေးပါတီမှာ စည်းရုံးရေး တာဝန်ပါ။ အရင်က လျာဏီအုပ်ချုပ်ရေးမှူးဟောင်းပါ။ ပြီးခဲ့တဲ့ လေးလပိုင်းက နားလိုက်တယ်။ ပါတီချင်း တိုက်ခိုက်ကြတာပါ။ ဦးသိန်းစိန်လည်း အခုထိ Facebook ပေါ်မှာ အဆဲခံနေရတာပဲ” ဟု မစန္ဒီမြင့်အောင်၏ မိခင်ဖြစ်သူ ဒေါ်အေးစန်းက ပြောကြားသည်။“ကျွန်တော်တို့ဆီကို ဒီညနေ ဓာတ်ပုံအထောက်အထားတွေနဲ့ လာတိုင်လို့ အမှုဖွင့်ပေးလိုက်တယ်။ မစန္ဒီမြင့်အောင်ကိုတော့ မဖမ်းရသေးဘူး။ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲက အမှုဖွင့်ပေးလိုက်တယ်။ အရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း သမီးလို့တော့ ပြောတယ်။ အခု လောလောဆယ်မှာ ဖမ်းလို့ မရသေးဘူး။ တရားလို တိုင်ထားတဲ့ ဖိုင်တွဲတွေ စစ်နေပါတယ်။ ဖုန်းမှာ တကယ်သုံးထားလား၊ မသုံးထားလားဆိုတာ CID ပြရဦးမှာ။ သက်သေအထောက်ထား ခိုင်လုံမှ ဖမ်းလို့ရမှာ” ဟု အမှုစစ် ဒုရဲအုပ် သန်းထွန်းက ပြောကြားသည်။မလင်းလဲ့လဲ့လှိုင်၏ ဖခင် ဦးဌေးနိုင်မှာ ကျွန်းသာယာရပ်ကွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် EC တစ်ဦးဖြစ်ပြီး ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံဖြစ်ကြောင်း သိရသည်။ မစန္ဒီမြင့်အောင်အား ပဲခူးမြို့ အမှတ် ၂ ရဲစခန်းသို့ တရားလို ဖြစ်သူ မလင်းလဲ့လဲ့နိုင်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် လာရောက် အမှုဖွင့်စဉ်တွင် ရန်ကုန်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ လိုက်ပါလာခဲ့ကြောင်းလည်း သိရသည်။နိုင်ငံတော် အကြီးအကဲများ၊ ထင်ရှားကျော်ကြားသူများကို ဝေဖန်တိုက်ခိုက်ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်ကြားမှု များပြားလာသလို လူမှုရေး ကိစ္စများနှင့် ပတ်သက်၍ Facebook ၌ ပုတ်ခတ်ရေးသားမှုများအား အဆိုပါ ပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားမှု များပြားလာကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ထိုသို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် စသော နိုင်ငံတော် အကြီးအကဲများကို Facebook စာမျက်နှာတွင် ပုတ်ခတ်ရေးသားသူများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီး အရေးယူနေသော်လည်း သာမန်ပြည်သူများက ထိုပုဒ်မဖြင့် တိုင်ကြားသော အမှုများနှင့် ပတ်သက်၍မူ အရေးယူမှု ရှိ၊ မရှိ မသိရသေးပေ။ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် မည်သူမဆို ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခြင်း ခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပဲခူးမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook တွင် ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည်ဟု ဆိုကာ မစန္ဒီမြင့်အောင် ဆိုသူကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်