ရန်ကုန်တိုင်းဒေသကြီးကို ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနိုင်ခြေ အများဆုံးတိုင်းဒေသကြီးအဖြစ် သတ်မှတ်ပြီး ပိုးလောက်လန်းနှင့် ခြင်နှိမ်နှင်းရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။“ရန်ကုန်တိုင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများတဲ့ တိုင်းဒေသကြီးလည်း ဖြစ်သလို နိုင်ငံတကာခရီးသွား အဝင်အထွက်များတဲ့ နေရာလည်း ဖြစ်တယ်။ ဒါကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်းတွေကို အရင်ကထက် အရှိန်မြှင့် လုပ်သွားဖို့ရှိတယ်။ အဓိက ကနဦးအနေနဲ့ စမ်းချောင်း၊မြေနီကုန်း၊ကြည်မြင်တိုင်မြို့နယ်တွေမှာ လုပ်သွားဖို့ရှိပါတယ်။လေကြောင်းလိုင်း သွားလာမှုများတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက ရောဂါပိုးတွေပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ရောဂါပိုးပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာတခြား နိုင်ငံတွေကို ရောက်သွားနိုင်တဲ့ အနေအထား ရှိနေတယ်။ ဇီကာကို ထိန်းချုပ်မယ်ဆို အဓိက ခြင်ကျားနဲ့ ပိုးလောက်လန်း နှိမ်နှင်းရေးကို လုပ်ရမှာပါ။ ကျွန်တော်တို့ ဌာနတွေက လိုအပ်တဲ့ အဘိတ်ဆေးတွေ၊ ခြင်ဆေးမှုတ်တာတွေ လုပ်ပေးပေမယ့် အိမ်တိုင်း၊ အိမ်တိုင်းက လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ရန်ကုန်မှာဆို မြေနီကုန်းတို့၊ စမ်းချောင်းတို့၊ကြည်မြင်တိုင်တို့လို နေရာမှာ ပိုးလောက်လန်း ပေါက်ဖွားဖို့က အများကြီးရှိနေတယ်။ ရန်ကုန်တိုင်းမှာ အေးဒီးစ်ခြင်ကျားက အများအပြား ရှိတယ်။ အဓိက လူမနေတဲ့အိမ်တွေ၊ တာယာလုပ်ငန်းတွေ၊ ပျိုးပင်ရောင်းတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ စတဲ့နေရာတွေမှာ ခြင်ကျား ပေါက်ဖွားမှု တအားများတယ်။ ခြင်နှိမ်နှင်းရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခုလက်ရှိ ရန်ကုန်တိုင်းကို ပိုပြီးတော့ အလေးထား ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားခဲ့သည်။ဇီကာရောဂါလက္ခဏာ သံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ရန်ကုန်မြို့၌ တွေ့ရှိခဲ့သဖြင့် လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးမှု ရလဒ်များအရ ဇီကာရောဂါ ဖြစ်ပွားလျက်ရှိကြောင်း အောက်တိုဘာ ၂၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။လက်ရှိတွင် ဇီကာရောဂါ ကူးစက်ခံရသူနှင့် ရက်ပိုင်းအတွင်း ၎င်းသွားလာသည့် နေရာများသိရှိရန် အသေးစိတ် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုအမျိုးသမီးကို ၎င်း၏နေအိမ်တွင်သာ နေထိုင်စေပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ကျန်းမာရေးဌာနမှ လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်းလည်း သိရသည်။၂၀၁၆ခုနှစ်၊ စက်တင်ဘာ လဆန်းပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြုလုပ်သော အရေးပေါ်ကော်မတီ အစည်းအဝေးတွင် ဇီကာဗိုင်းရပ်စ်အား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြင့် ဆက်လက်ထားပြီး ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအား အရှိန်မြှင့် လုပ်ဆောင်ရန်ပြောကြားထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော အရေးပေါ်အစည်းအဝေးတွင် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်သော အေးဒီးစ်ခြင်ကျား ကိုက်ခြင်းမှတဆင့် ကူးစက်ပျံ့နှံ့သော ဇီကာဗိုင်းရပ်စ်ရောဂါနှင့် Microcephaly အပါအဝင် အခြား Neurologic disorders ဖြစ်ပွားနိုင်မှုတို့ ဆက်စပ်နိုင်ခြေရှိမှုနှင့် အခြား အကြံပြုတင်ပြချက်များအပေါ် အခြေခံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ(Public Health Emergency of International Concern )အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် နိုင်ငံခြားသူတစ်ဦး တွေ့ပြီးနောက် ဇီကာရောဂါဖြစ်နိုင်ခြေ အများဆုံး နေရာဖြစ် ရန်ကုန်တိုင်းကို သတ်မှတ်