ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများအား နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ကြေညာသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများအား နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ကြေညာသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်
Published 28 October 2016
ငြိမ်းဇော်လင်း

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူမည့် နေ့ရက်များနှင့် မဲစာရင်း ကပ်ထားကြေညာမည့် နေ့ရက်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင်စာရင်းအား ပြည့်စုံမှန်ကန် စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ၂၀၁၅ ခုနှစ် မဲစာရင်းအား အခြေခံ၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များရှိ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များ အနေဖြင့် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းနှင့် မဲစာရင်း ကပ်ထားကြေညာသည့် အချိန်တွင် မဲစာရင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အသိပေး ကြေညာအပ်ပါသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်တင်သွင်းနိုင်သည့် နေ့ရက်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် ကြေညာထားသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈  ရက်မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်အထိ တင်သွင်းနိုင်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးရက်မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၉ ရက်အထိ ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ်များတွင် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သော မြို့နယ်များမှာ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မုံရွာ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ချောင်းဆုံ၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမ်း၊ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကော့မှူး၊ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကျေးသီး၊ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မိုင်းရှူးတို့ဖြစ်သည်။
ထို့ပြင် လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သော မြို့နယ်များသည် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ထန်တလန်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ကျောက်တံခါး၊ ညောင်လေးပင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံတို့ဖြစ်ပြီး လစ်လပ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သော မြို့နယ်များသည် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ဖရူဆို၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကျိုင်းတုံ၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကျေးသီး၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကျေးသီး၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ညောင်ရွှေ၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မိုင်းရှူး၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မိုင်းရှူးတို့ဖြစ်သည်။
 

Most Read

Most Recent