မြန်မာ-တရုတ်နယ်စပ် မိုင်းလားဒေသ၌ ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုကြောင့် တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေချိန်တွင် တရုတ်တပ်မတော်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်

မြန်မာ-တရုတ်နယ်စပ် မိုင်းလားဒေသ၌ ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုကြောင့် တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေချိန်တွင် တရုတ်တပ်မတော်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်
Published 28 October 2016

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang၊ စစ်သံမှူး Senior Colonel Wang Jinbo တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ထိုသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ချိန်သည် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလားဒေသတွင် ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုအား အောက်တိုဘာ ၂၄ ရက်တွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် တပ်မတော်ဘက်က အကြောင်းကြား ထားသော်လည်း ‘ဝ’ တပ်ဖွဲ့များက ဆုတ်ခွာပေးခြင်း မရှိသဖြင့် ယင်းဒေသတွင် စစ်ရေးတင်းမာ နေချိန်လည်း ဖြစ်သည်။
စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားဒေသ အကြားရှိ တာပင်းဂိတ် အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားဆဲ ဖြစ်သည့်အပြင် တပ်မတော်ဘက်မှ သံချပ်ကာနှင့် လေကြောင်း စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း အောက်တိုဘာ ၂၈ ရက်တွင် သတင်းဌာန အချို့၏ သတင်းဖော်ပြမှုအရ သိရသည်။
နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အိမ်တော်၌ အောက်တိုဘာ ၁၄ ရက်က အထူးအစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ ‘ဝ’ အထူးဒေသ(၂)နှင့် အထူးဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent