မုံရွာမြို့ ကံသာဦးရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရ

မုံရွာမြို့ ကံသာဦးရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရ
Published 27 October 2016
စိုးမိုးထွန်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကံသာဦးရပ်ကွက် (ခ) အင်းရွာသစ် ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် လင်မယားနှစ်ဦး အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီခန့်က အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ အသက် ၃၆ နှစ် အရွယ်ရှိ  ဦးမောင်ချို၊ ကနီမြို့နယ် ချိုင်ရွာနေသူနှင့် အသက် ၃၇ နှစ်အရွယ်ရှိ မထားထားနွယ် (ခ) မမော်မော် တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်နေသူတို့ဖြစ်ကြောင်း သိရသည်။ကံသာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက “ကျွန်တော်အိမ်မှာရှိနေတုန်း ကျွန်တော့်ရပ်ကွက်က ရာအိမ်မှူး ဦးရဲထွဋ် ရောက်လာပြီး ကနီဘက်ကနေ ရပ်ကွက်ထဲကို အိမ်ငှားလာနေတဲ့ လင်မယားစကားများ ရန်ဖြစ်နေကြောင်း အဲဒီအိမ်ထဲကနေပြီး အမျိုးသားတစ်ဦးကလည်း ဆိုင်ကယ်အနက်ရောင်စီးပြီး ထွက်သွားတယ်ဆိုပြီး လာပြောတယ်။ ကျွန်တော်နဲ့ ရပ်ကွက်စာရေး ရာအိမ်မှူး ဦးရဲထွဋ်တို့နဲ့အတူ အဲဒီအိမ်ကို သွားကြည့်ပါတယ်။ အိမ်တံခါး သော့ခတ်ထားတယ်။ခြေရာ လက်ရာ ပျက်မှာစိုးရိမ်လို့ တံခါးတွေ မဖွင့်ဘဲ အပေါက်ကနေ ချောင်းကြည့်ပါတယ်။ နေအိမ်ရှေ့ခန်းမှာ လဲကျသေဆုံးနေတဲ့ အမျိုးသားအလောင်းကို မြင်ရတယ်။ ခုတင်ခြေရင်း ထိုင်ခုံရှည်အသေးပေါ်မှာ ပက်လက်အနေအထားနဲ့ လဲကျသေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို ထပ်ပြီး မြင်တွေ့လိုက်ရတယ်။ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ”  ဟု ပြောကြားသည်။အခင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာမြို့ နယ်မြေရဲစခန်း အမှုကြီး အမှတ်စဉ် (၈/၂၀၁၆) (ပ) ၇၅၃/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ပြီး ကံသာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက တရားလိုပြုလုပ် တိုင်တန်းအမှုဖွင့်ပြီး မုံရွာမြို့ နယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ်ရဲအောင်က အမှုစစ်အဖြစ် ဆောင်ရွက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် အစောပိုင်းတွင် အိုးဘိုတောင်ရပ်ကွက် ပြည်ထောင်စု လမ်းဘေးတွင်  ဦးခေါင်းကြေမွဒဏ်ရာ၊ မျက်နှာစုတ်ပြဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာများနှင့် လူသေ အလောင်းတစ်လောင်း စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါလူသတ်မှုမှာ ယနေ့အထိ တိုင်အောင်ပြစ်မှုကျူးလွန်သူအား စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အပြင်၊ အဆိုပါနေ့က ဆက်တိုက်ဖြစ်ပွားခဲ့သော မုံရွာမြို့ အောင်ချမ်းသာဈေးရှေ့တွင် ဆိုင်ကယ်နှစ်ယောက်ပိုး စီးလာသူ လူငယ်နှစ်ဦးအား စူပါကပ် ဆိုင်ကယ် သုံးယောက်ပိုး စီးနင်းလာသည့် ဆိုင်ကယ်မှ ဆိုင်ကယ်ချင်း ချိတ်မိရာမှ အချင်းများပြီး ခိုက်ရန်ဖြစ်ပွားကာ ဆိုင်ကယ် နှစ်ယောက်ပိုး စီးလာသည့် လူငယ်နှစ်ဦးက တစ်ဦး သတ်ခံရသည့် အမှုမှာလည်း ယနေ့အထိ ဖော်ထုတ်ရန် ကြိုးစား ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။