စစ်မက်ဖြစ်ပွားခြင်းကို ဦးစွာအလွယ်တကူ စတင်မည် မဟုတ်ဘဲ ခရီးကြမ်းချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ (၄) မိုင်းလား အဖွဲ့နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဟု ‘ဝ’ အဖွဲ့က အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သို့ အကြောင်းပြန်ထား

စစ်မက်ဖြစ်ပွားခြင်းကို ဦးစွာအလွယ်တကူ စတင်မည် မဟုတ်ဘဲ ခရီးကြမ်းချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ (၄) မိုင်းလား အဖွဲ့နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဟု ‘ဝ’ အဖွဲ့က အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သို့ အကြောင်းပြန်ထား
Published 25 October 2016
ကျော်ဇင်ဝင်း

စစ်မက်ဖြစ်ပွားခြင်းကို ဦးစွာအလွယ်တကူ စတင်မည်မဟုတ်ဘဲ ခရီးကြမ်းချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ (၄) မိုင်းလားအဖွဲ့နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဟု ‘ဝ’ အဖွဲ့က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်သို့  အကြောင်းပြန်ကြားစာအား အောက်တိုဘာ ၂၅ ရက်တွင် ငြိမ်းချမ်းရေး ကော်မရှင်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
‘ဝ’ အဖွဲ့ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၏ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံ အကြောင်းပြန်ကြားစာမှာ အောက်တိုဘာ ၂၁ ရက် နေ့စွဲဖြင့် အကြောင်းပြန်ကြား ထားခြင်းဖြစ်သည်။
အဆိုပါ အကြောင်းပြန်ကြားစာတွင် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ပေးပို့သော အောက်တိုဘာ ၁၈ ရက် နေ့စွဲပါစာကို ကောင်းမွန်စွာ လက်ခံရရှိပြီး ခင်မင်ရင်းနှီးစွာဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း၊ ပြည်ထောင်စု မပြိုကွဲရေးကို ထိန်းသိမ်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝနေထိုင်မှု မြှင့်တင်ရေးတို့သည် ‘ဝ’ ပြည်နယ်၏ အမြဲစောင့်ထိန်းကြိုးပမ်း ဆောင်ရွက်နေသော ဦးတည်ချက် ဖြစ်ကြောင်းနှင့် မည်သည့်စစ်မက် ဖြစ်ပွားခြင်းကိုမျှ ဦးစွာအလွယ်တကူ စတင်မည် မဟုတ်ကြောင်း ရေးသားထားသည်။
‘ဝ’ ပြည်နယ်နှင့် ညီနောင်အဖွဲ့အစည်း ဖြစ်သည့် အထူးဒေသ (၄) နှင့်ပတ်သက်၍ တပ်ဖွဲ့ခရီးကြမ်းချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုအား ပြဿနာကြီးထွားအောင် မချဲ့ထွင်ရန် ကျွနု်ပ်မှ အောက်ခြေတပ်ဖွဲ့များကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ နှစ်ဖက်အောက်ခြေတပ်ဖွဲ့၏ ကွပ်ကဲရေး ခေါင်းဆောင်များ ထိရောက်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီး ယခုအခါ အခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ထို့အတူ ‘ဝ’ ပြည်နယ်နှင့် အထူးဒေသ (၄) တို့ကြား နှစ်ကာလ ရှည်ကြာသော ညီနောင်ချင်း ဆက်ဆံရေး ရှိထားခဲ့ပြီးဖြစ်ကြောင်း၊ ‘ဝ’ ပြည်နယ်အနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသော နည်းလမ်းဖြင့် ယခုတစ်ကြိမ် တပ်ဖွဲ့များ ခရီးကြမ်းချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ (၄) နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ‘ဝ’ ပြည်နယ်အနေဖြင့် ပြည်ထောင်စု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေး ကော်မရှင်နှင့် လက်တွဲ၍ နောက်ဆုံးသော (အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်) အရ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောလျင်စွာ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း အကြောင်းကြားစာ၌ ပါရှိသည်။
‘ဝ’ အဖွဲ့၏ အကြောင်းပြန်ကြားစာတွင် ‘ဝ’ ပြည်နယ်ဟု လည်းကောင်း၊ ဦးပေါက်ယူချမ်း၏ ရာထူးအား ရေးသားထားရာတွင် မြန်မာနိုင်ငံ အထူးဒေသ (၂) ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရဥက္ကဋ္ဌ ဟုလည်းကောင်း ရေးသားထားပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌မူ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) ခြောက်မြို့နယ်အား ခရိုင်နှစ်ခရိုင်ဖွဲ့၍ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ်သာ သတ်မှတ်ပေးထားသည်။
တပ်မတော်က မိုင်းလားနယ်မြေအတွင်း ရောက်ရှိသည့် ‘ဝ’ တပ်ဖွဲ့များကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ပြန်လည်ဆုတ်ခွာရန် အကြောင်းကြားမှု ဖြစ်ပေါ်ပြီးနောက် ယခုကဲ့သို့ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ‘ဝ’ အဖွဲ့တို့ကြား အပြန်အလှန် ပေးပို့ထားသည့် အကြောင်းပြန်ကြားစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
‘ဝ’ တပ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အထူးဒေသ-၄ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားနယ်မြေရှိ စစ်ရေးအရ မဟာဗျူဟာကျသည့် တပ်စခန်း အချို့အား စက်တင်ဘာ လကုန်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ တပ်စခန်းများရှိ မိုင်းလားတပ်ဖွဲ့ဝင် ၁၅၀ ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် ‘ဝ’တပ်ဖွဲ့နှင့် မိုင်းလား အဖွဲ့တို့အကြား စစ်ရေးတင်းမာခဲ့ပြီး နောက်ပိုင်းတွင် မိုင်းလားတပ်ဖွဲ့ဝင်များအား ပြန်လည်လွှတ်ပေးခဲ့သည်။
မိုင်းလားတပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးခဲ့ကြောင်း ‘ဝ’ တပ်ဖွဲ့နှင့် နီးစပ်သူအချို့က အတည်ပြုပြောကြား ခဲ့သော်လည်း ‘ဝ’ တပ်ဖွဲ့များမှာ မိုင်းလားနယ်မြေထဲမှ ပြန်လည်ထွက်ခွာခြင်း မရှိသည့် ကိစ္စအပါအဝင် ဖြစ်စဉ်တစ်ခုလုံးအား ‘ဝ’ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ နှစ်ဖက်တာဝန်ရှိသူများက ထိုစဉ်အချိန်က တိကျစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
သို့ရာတွင် နောက်ပိုင်း၌ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောက်တိုဘာ ၃ ရက်က မိုင်းလားအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် ‘ဝ’ ညီနောင် တပ်ဖွဲ့သည် မိမိတို့ဒေသအတွင်း ခရီးကြမ်းထွက် လေ့ကျင့်ရေးများ ပြုလုပ်နေကြောင်း၊ တစ်ပတ် အချိန်အတော အတွင်းတွင် တပ်ဖွဲ့စုစည်းကွပ်ကဲမှု၊ ဖြန့်ခွဲနေရာယူမှု၊ စုစည်းမှု စသည့် လေ့ကျင့်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း၊ လေ့ကျင့်ရေး ကာလအတွင်း အချို့တပ်ဖွဲ့သည် ညွှန်ကြားချက်များ ဆောင်ရွက်ရာတွင် ကြီးမားသည့် လွဲမှားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆိုးရွားသည့် ဂယက်ရိုက်မှုများ ဖြစ်စေခဲ့ကြောင်း၊ မိမိတို့ဒေသ ခေါင်းဆောင်များသည် ‘ဝ’ တပ်ဖွဲ့ အထက်ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးနောက် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မိုင်းလားဒေသရှိ ဝမ်လျန်းလေ့ကျင့်ရေး ပြုလုပ်နေသည့် ကွပ်ကဲရေးစခန်းသို့ သွားရောက်၍ ကွပ်ကဲရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြရေးသားသည်။
ထိုသို့ စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ တာပင်းဂိတ် အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားပြီး မိုင်းလားဒေသနှင့် မိုင်းယန်းဒေသရှိ အစိုးရဝန်ထမ်း အချို့နှင့် ဒေသခံအချို့ ကျိုင်းတုံသို့ ခေတ္တတိမ်းရှောင် လာကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။
လက်ရှိတွင် ‘ဝ’ တပ်ဖွဲ့များ မိုင်းလားနယ်မြေမှ ဆုတ်ခွာခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ရန် ‘ဝ’ အဖွဲ့၏ တာဝန်ရှိသူ ဦးအောင်မြင့်ထံ ဆက်သွယ်ခဲ့သော်လည်း နေမကောင်းသဖြင့် ယခုကိစ္စများအား မသိရှိကြောင်းသာ ဖြေကြားခဲ့ပြီး မိုင်းလားအဖွဲ့၏ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိပေ။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အိမ်တော်၌ အောက်တိုဘာ ၁၄ ရက်က ကျင်းပခဲ့သည့် အထူးအစည်းအဝေးတွင် ‘ဝ’ အထူးဒေသ (၂)နှင့် အထူးဒေသ (၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
                                            

Most Read

Most Recent