အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၏ မတူညီသည့် ရလဒ်များအား ပြန်လည်စုစည်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တင်သွင်းနိုင်ရန် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမည်

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၏ မတူညီသည့် ရလဒ်များအား ပြန်လည်စုစည်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တင်သွင်းနိုင်ရန် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမည်
Published 25 October 2016
ဝီရမိုးနေ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၏ မတူညီသည့် ရလဒ်များအား ပြန်လည်စုစည်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံသို့ တင်သွင်းနိုင်ရန် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍများနှင့် သက်ဆိုင်သည့် လုပ်ငန်းကော်မတီ ငါးခုအား ဆွေးနွေး ပွဲများကျင်းပစဉ် ကာလအတွင်း ဖွဲ့စည်းသွားရန်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးအပြီး ထပ်မံကျင်းပမည့် ညီလာခံမတိုင်မီ ကြားကာလ ခြောက်လတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပရန် စီစဉ်ထားကာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍတို့နှင့် ဆက်စပ်သည့် ခေါင်းစဉ်ခွဲများကို အဆိုပါ ဆွေးနွေးပွဲသုံးရပ်တွင် ခွဲဝေဆွေးနွေး သွားမည်ဖြစ်သည်။
ဦးစိုင်းကျော်ညွန့်က “လုပ်ငန်းကော်မတီ ငါးခုလည်း ဖွဲ့ဖို့ရှိပါတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကော်မတီပေါ့လေ။ ကဏ္ဍငါးခုရှိတာကိုး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ သဘာဝသယံဇာတ၊ လုံခြုံရေး အဲဒါနဲ့ ပတ်သက်ပြီး လုပ်ငန်းကော်မတီငါးခု ဖွဲ့ဖို့ရှိမှာပါ။ အခုကတော့ မဖွဲ့ရသေးဘူးပေါ့လေ။ ဒါမှ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကနေ တက်လာတဲ့ သက်ဆိုင်ရာ ကဏ္ဍတွေ သက်ဆိုင်ရာ လုပ်ငန်းကော်မတီတွေက ပြုစုမယ်။ Option တွေက အများကြီး တက်လာမှာကိုး။ သဘောထား စုစည်းချက်တွေက အများကြီး တက်လာမှာဆိုတော့ ကွဲပြားနေတဲ့ဟာတွေလည်း အများကြီး ရှိလာနိုင်တယ်။ အဲဒီတော့ လုပ်ငန်းကော်မတီမှာ တစ်ဆင့်ပြန်ပြီးတော့ တူညီတဲ့ဟာ စုစည်းပြီးတော့ ကွဲပြားမှု သိပ်မများစေဘဲနဲ့ ဖြစ်နိုင်ရင်တော့ ကွဲပြားမှုနှစ်ခုပဲ ဖြစ်သွားအောင်လား။ Option နှစ်ခုလား၊ သုံးခုလား အဲဒီလောက်အထိကို လုပ်ငန်းကော်မတီက စုစည်းဆွေးနွေးပြီးတော့ UPDJC ကိုတင်ပေါ့။ အဲဒီပုံစံဆိုရင်တော့ ဒါက ရလဒ်က ပိုကောင်းသွားမယ်လို့ မြင်တယ်” ဟု ပြောကြားသည်။
အဆိုပါ လုပ်ငန်းကော်မတီအား ဖွဲ့စည်းရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ တက်ရောက်ခွင့်ရှိသည့် အစုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အား ဖွဲ့စည်းသကဲ့သို့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်များ၌ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံကာ သဘောတူညီမှု ရရှိခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အကြောင်းအရာများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို အတည်ပြုသွားရန်ရှိကြောင်း သိရသည်။
 

Most Read

Most Recent