တိမ်တွေဖုံး လမင်းပုန်းလို့နေ

တိမ်တွေဖုံး လမင်းပုန်းလို့နေ
Published 23 October 2016
ရဲထွတ်နီ

လမ်းကျဉ်းကျဉ်းကလေးမှ အိမ်ရှေ့ ကွက်လပ်ကလေးမှာ ကလေးတွေ စုမိကြပြီး ကစားကြပြီဆိုလျှင် ကျွက်ကျွက်ဆူအောင် ညံနေတတ်သည်။ အတူတူကစားကြရင်း တစ်ယောက်နှင့်တစ်ယောက် အော်လို့ ပြောလို့ ဖြစ်သည်။ကျောင်းဖွင့်ရက် နေပြင်းချိန်မှာတော့ လမ်းကလေးသည် တိတ်ဆိတ်နေသည်။ ကျောင်းရက်ရှည် ပိတ်ခါနီးပြီဆိုလျှင် ‘ကလေးတွေတော့ လာဆူညံနေဦးတော့မယ်’ ဟု ဇနီးဖြစ်သူက သူသတိရတာကို ပြောတတ်လေသည်။ကလေးတွေ ဆိုသည်မှာ ကစားနေကြရမှ ကျန်းမာသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ကစားနည်း မျိုးစုံအောင် ကစားခဲ့ကြပါသည်။ သစ်ပင်ပေါ် လိုက်တမ်းပြေးတမ်း ကစားသည်အထိ ရှိခဲ့သည်။ ပြေးလွှားရင်း ချော်လဲ ဒူးပြဲအောင် ထိခိုက်မိသည် ကတော့ အသေးအဖွဲ။ ကစားရင်း ပျော်ရွှင် ကျန်းမာ ခဲ့ကြသည်ပဲလေ။ ကလေးဘ၀ မမေ့နိုင်ကြစရာပါ။ကျွန်တော်တို့ သားအကြီးဆုံးကောင်၊ လမ်းလျှောက်တတ် ဆော့ကစားတတ် လာတော့ မောင်စန်းအောင် အမည်ရှိသည့် ကောင်လေးက သား၏ နောက်မှနေ၍ တစ်ကောက်ကောက် လိုက်ကာ ထိန်းပေးရှာသည်။ သူသည် ကျွန်တော်တို့ အိမ်ရှင်ဖြစ်သော နောင်တော် စာရေးဆရာကြီး တစ်ယောက်၏ သားငယ်တစ်ယောက် ဖြစ်သည်။ ထိုစဉ်က ထိုကလေးသည်လည်း အသက်က လေးငါး နှစ်သားရှိသေးသည်။ ၀၀ဖိုင့်ဖိုင့် ပုအိုက်အိုက် ကလေး။ သားကြီး မောင်ရဲကလည်း အသားဖြူဖြူ  ၀၀တုတ်တုတ်ကလေး။ မြင်ယောင်မိ သေးတော့သည်။မိဘတွေ၊ လူကြီးတွေကသာ ကလေးတွေကို ချစ်သည်မဟုတ်။ ကလေးကလေး ချင်းလည်း အလွန် ချစ်ခင်တတ်ကြပါသည်။ သားကို သူ့အစ်မက ပြောမရ၍ ရိုက်မည် ပြုသည့်အခါ သူ့ကို ထိန်းပေးခဲ့သည့် မြတ်မော် နှင့် မော်စီဆိုသည့် ကောင်မလေးတွေက မနေနိုင်ဘဲ အပြေး လာဆွဲခေါ်တတ်သည်။ မျက်နှာကလေးပါ မဲ့နေတတ်သော ကလေးလည်း ရှိသေးသည်။ ကိုယ်လည်း ကလေးဘဝက ကိုယ်နှင့် အသက်နည်းနည်း ခြားသော ကိုယ့်ညီလေးကို ထိန်းခဲ့ရသည်။ ကိုယ့်သားကြီး၊ သမီးကြီးတို့ကလည်း သူတို့၏ အငယ်ကလေးတွေကို အဆင့်ဆင့် ထိန်းခဲ့ကြရသည်။ အမေကပဲ ထိန်းထိန်း၊ ကလေးချင်းကပဲ ထိန်းထိန်း၊ ကလေးထိန်း ကြရာတွင် ချော့မြူ  ကြရပါသည်။လူကလေးရဲ့ × ×မနော့တစ်ခါ × × နော့တစ်ခါမြှူပေးမကွဲ့ × ချော့စရာစိတ်မကြည်သာ × × ငိုကြွေးသနော်× × ပျောက်မည်ပမိတ္ထီလာ × × (အိုလေ)ကန်တော်အောက်ဆီက × ×အို × × ဖားကောက်လို့ × × မြန်မြန်လာလူကလေးရေး × × မြှူပေးမယ့်ကွဲ့ × ×အလွန် ချစ်စရာကောင်းသည့် သားချော့သီချင်းမှ တစ်ပိုဒ် ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်တွေ နားယဉ်ခဲ့ကြသော ‘မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ’ ကလေးကဗျာမှ ဆင့်ပွား မွေးဖွားလာသော သီချင်း ဖြစ်ပါသည်။ ကျွန်တော့် သားကြီးတို့ မီခဲ့ပါမည်။ အမည်ကို ဖော်မရတော့သော တေးသီချင်းငယ် အသံကလည်း အသံချိုချို အေးအေး ဖြစ်သည်။ ကြားဖူး မှတ်မိသူတို့ သိကြပါလိမ့်မည်။ ယခုနေအခါ သည်သီချင်းမျိုး မြန်မာ့အသံလေးလှိုင်းမှာ ပျံ့လွင့်သေးရဲ့လား .. မဆိုနိုင်၊ မဆိုတတ်ပါပြီ။ လွှင့်ထုတ်သေးလျှင်လည်း မကြားမိတာ ဖြစ်နိုင်သည်။ ခေတ်သည် အသံလွှင့်ထုတ်သော ရေဒီယို တစ်ခုတည်း ခေတ်မဟုတ်တော့ပါ။ရုပ်မြင်သံကြားမှာတော့ အမျိုးအမည်စုံအောင် တွေ့မြင် ကြားသိ ခံစားကြရသည်။ ကလေးများအတွက် အစီအစဉ်များလည်း ပါပါသည်။ တေးကဗျာများတွင် သူတို့ဆီမှ rhyme များကိုတော့ အမြဲလိုလို တွေ့ရသည် ထင်ပါသည်။ ဒါလည်းကောင်းပါသည်။ သို့သော် ကလေးများ အဖို့မှာ အချိန်အားမရှိကြ ရှာသလိုပဲဟု မြင်မိပါသည်။ ကလေးပုတု ကလေးကအစ ကျောင်းကိုချည်း လှည့်ပတ် အလွှတ်ခံရ၊ အိမ်မှာလည်း ကျူရှင်ထိုင်ရ၊ အချိန်ကလေး ရလိုက်သည်နှင့် ဂိမ်း။ ဂိမ်းခေတ် ဖြစ်၍ ဂိမ်းပဲ ကစားနေကြသည်။ မြန်မာ့ရိုးရာ ကလေးကစားနည်းများ ပျောက်သလောက်ပင် ဖြစ်နေပြီဟု ဆိုရတော့မည်။မရွှေဖဲဘယ်သွားနေလဲ မရွှေဖဲဘုရားပွဲကို လှည်းနဲ့ဆို၊ဘာဝယ်ခဲ့လဲ မရွှေဖဲပင်နီအင်္ကျီ ယောထဘီ၊ဘာစားခဲ့လဲ မရွှေဖဲကြာဆံလက်သုပ် မုန့်ဖက်ထုပ်၊ဘယ်လောက်ကုန်လဲ မရွှေဖဲစက္ကူတစ်ကျပ် ငွေတစ်မတ်၊ဘာမြင်ခဲ့လဲ မရွှေဖဲဈေးသည်ဈေးဝယ် စုံလို့ကွယ်၊ဘာလုပ်သေးလဲ မရွှေဖဲဘုရားရှင်တော် ဖူးပါသော်၊အမည်ဘာလဲ မရွှေဖဲမကွေးမြို့စွန် မြသလွန်၊ဘာဆုပန်လဲ မရွှေဖဲနိဗ္ဗာန်ရွှေပြည် ဆုပန်သည်။ဤကဗျာကို မူလတန်းတွင် ပြဋ္ဌာန်း ခဲ့ဖူးသည်။ ကလေးများ ရွတ်ဆို ပျော်ရွှင်ခဲ့ကြဖူးသည်။ ဤကဗျာမျိုး မောင်ရေခဲ ကဗျာလည်း ရှိသေးသည်။ ရေးဖွဲ့ခဲ့သူမှာ ဆရာကြီး ဒေါက်တာ မောင်ဖြူးဖြစ်သည်။ဆရာကြီးဒေါက်တာမောင်ဖြူး၏ ‘ကလေး ဂန္ထဝင် စာပဒေသာ’ တွင် ကျောင်းနေဖက် ဖြစ်သူ တက္ကသိုလ်ပညာရေး မဟာဌာနမှူး ဆရာကြီး ဦးကွန်းက ဝေဖန်မှုပြုခဲ့သည်။လူအများက လူကြီးများဖတ်ဖို့ စာအုပ်များများ ရေးသား ထုတ်ဝေချိန်တွင် ဆရာကြီး မောင်ဖြူးကတော့ လျစ်လျူရှုခံရသော ကလေးများ အတွက် သားချော့သီချင်း၊ ပြဇာတ်၊ ပုံပြင်တို့ကို တွင်တွင်ရေးခဲ့သည်။ ကလေးဖတ်ရန် စာအုပ်များ ရှာဖွေခဲ့သည်။ မည်မည်ရရ မတွေ့၍ ကလေးများ စာငတ်နေသည် ဝမ်းနည်းစကား ပြောကြောင်း ဆိုပါသည်။ကလေးတွေကို စာကိုပဲ ကြိုးစားဖို့ ကျောင်းသွားချင်အောင် ခြောက်လုံး၊ မြှောက်လုံးတွေပြော၊ ကလေးချင်း အပြိုင်စိတ်မွေးအောင် လှိုင်လှိုင်ကြီး ပြောဆိုမှုများသည် အကျိုးမရှိဘဲ အကျိုးပင် ယုတ်သည်ဟု ဆိုသည်။လူအများက သူတို့ကလေးကို အင်္ဂလိပ်စာ ချွန်စေလို၍ အင်္ဂလိပ် ကျောင်းကြီးများတွင် ထားကြသည်။ သူကတော့ သူ့ကလေးကို မြူနီစီပယ် ကျောင်းတွင်သာ ထားခဲ့သည်။ အကြောင်းမှာ ကလေးကို ဆရာကချည်း စာသင်ပေးနေတာကို သူမနှစ်သက်။ ကလေးဘာသာ ပညာရှာသည်ကို ယုံကြည်သည်။ ကလေး နှစ်သက်သော မြန်မာစာအုပ်ကို ပေးနိုင်လျှင် သူ့ဘာသာ ပညာရှာမှာ မဟုတ်ဘူးလားဟု ဆိုကြောင်း ဖော်ပြထားပါသည်။ ယနေ့ခေတ် မြို့ကြီးများတွင် မိဘဆိုသူများနှင့် ကလေးများ ဖြစ်နေကြပုံကို ဆရာကြီး ဒေါက်တာ မောင်ဖြူး တွေ့မြင်ရလျှင် ဘယ်လိုပြောဆိုမလဲဟု စဉ်းစား ကြည့်ချင်စရာ ဖြစ်ပါသည်။ဆရာကြီး ဒေါက်တာ မောင်ဖြူး၏ ပညာရေး အယူအဆသည် ထူးခြားပြီး ယထာဘူတာ ကျသည်ဟု ဆရာကြီး ဦးကွန်းက ဆိုသည်။ ပညာရေး မဟာဌာနမှူးပင် လက်ခံခဲ့သော ယူဆချက်တို့သည် ယနေ့တိုင် ဆရာနှင့်မိဘတို့ လောကကို မလွှမ်းခြုံ မနှံ့စပ်နိုင်ပါသလဲ။ ထိုဆရာကြီးတို့၏ ခေတ်သည် သင်ကြားရေး ခေတ်၊ ကလေးတို့ကို စာပေ ကဗျာတေးလင်္ကာတို့နှင့် ထိတွေ့စေလိုသော ခေတ်။ ယနေ့ခေတ် ကတော့ ဒစ်ဂျစ်တယ်ခေတ် ပိုကီမွန်ခေတ် ဖြစ်နေလေပြီ။“ကလေးတို့ရေ... ရှေးစကားတစ်ခုရှိပါတယ်။ ဘုတ်ငှက် နဲ့ ရေကြက်မဟာ လင်မယားတဲ့။ ဘုတ်က ကုန်းပေါ်မှာ ကျက်စားတယ်။ ရေကြက်မက ရေစပ်မှာ ကျက်စားတယ်။ ရေကြက်မက ရေထဲဆင်းတော့ ဘုတ်က စိတ်ပူလို့ ‘ပူ ပူ ပူ’ လို့ အော်သတဲ့။ ကြာတော့ ရေကြက်မက စိတ်ဆိုးလို့ ပူရင်ကွာပါလား ... ဆိုတဲ့သဘောနဲ့ ‘ကွာ ကွာ ကွာ’ လို့ ပြန်အော်ကြောင်း” ဆရာကြီး မင်းသုဝဏ် ပုံပြင်ကလေးကို ပြောပြထားပြီး ကလေးကဗျာ တစ်ပုဒ်ဖွဲ့ထားပါသည်။ပူ-ပူ-ကွာ-ကွာဟိုဝါးရုံက ပူ-ပူ-ပူသည်ဝါးရုံက ပူ-ပူ-ပူပူ ပူ ချင်းဆက် ရေကန်ပျက်ဘုတ်ကြီးနီညိုငှက်။ရေကြက်မက ကွာ-ကွာ-ကွာရေစပ်ဆီက ကွာ-ကွာ-ကွာ။ပူပူ ကွာကွာ ရေကန်ပျက်သူတို့နှစ်ဦး ရန်ဖြစ်လျက်နေ့တိုင်း တကျက်ကျက်။ရှင်းပြတာလေးကို ကြားသိရ ကဗျာလေး ရွတ်ဆိုသည်ကို နားထောင်ရသည်မှာ ခေါင်းထဲမှာ ပျော်ရွှင်စရာ ဖြစ်ရသည်။ ဆရာဘိုးလှိုင်၊ ဆရာမြဝင်း (ဒဿန)၊ မောင်ဝဏ္ဏ၊ ကိုတာ၊ လှထွန်း (မြန်မာစာ) နှင့် ဆယ်လွင်တို့ စီစဉ် ထုတ်ဝေသော ‘လုမ္ဗိနီကလေးစာစဉ်’၊ ဆရာကြီး မင်းသုဝဏ်၏ ‘လူကလေးတို့ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ’ စာအုပ်တွင် ကဗျာ (၇၉) ပုဒ် ဖတ်ရပါသည်။ ငှက်ကလေးများ၏ ဆေးရောင်စုံပုံနှင့် ကဗျာများက ချစ်စရာ။ ၂၀၁၀  ဒီဇင်ဘာလထုတ် ဖြစ်ပါသည်။ သို့သော် အုပ် ရေက ၅၀၀ ဆိုသဖြင့် စာဖတ်တတ်လာသော ကလေးများအဖို့ ဝေး၍၊ ကျောင်းဆရာဆရာမ တို့နှင့် မိဘတို့ထံ ဘယ်ပုံဘယ်နည်း ပျံ့နှံ့ ရောက်ရှိပါ့မလဲဟု မတွေးဘဲ အဖြေထွက်စရာ ရှိတော့သည်။လူကလေးနဲ့ ကမ္ဘာကြီးကမ္ဘာကြီး ကမ္ဘာကြီးအပြောကျယ်တဲ့ ကမ္ဘာကြီးကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ရာလူလေး မယှဉ်သာ။ကမ္ဘာကြီးက ဧရာမလူကလေးက သေးငယ်လှ။သေးငယ်ပေမဲ့ လူလေးရယ်စွမ်းဉာဏ်ရှိပါတယ်။လူငယ်လေးက စာအံဖတ်ကမ္ဘာကြီးက စာမတတ်။ပုံပြင်အများအပြားနှင့် ကလေးကဗျာများ ရေးဖွဲ့လေ့ရှိသော ဆရာ မင်းယုဝေ၏ ကလေးကဗျာ တစ်ပုဒ်ဖြစ်ပါသည်။တကူကူးယားအနား ယာအနားချိုးကလေး ကူသံကြား။တစ်ခါကြားက မေ့နိုင်ဘူးချိုကလေး တကူကူး။ချိုးကူသံကလေးများကြားရ ချိုးငှက်ကလေးများကို ဒွိယံ အတွဲလိုက် တွေ့ရလျှင် ကဗျာဆရာ ပျဉ်းမနား မောင်နီသင်း၏ ဤကဗျာကလေးကို သတိရမိသည်။ ပျဉ်းမနား မောင်နီသင်းမှာ အမျိုးသားစာပေ (ကလေး စာပေဆု) ကို သုံးကြိမ်အထိ ချီးမြှင့်ခံရပြီးသူ။ကိုယ့်အားကိုးတဲ့ ကိုတံငါနုတ်သီးကရှည် ခြေတံရှည်လည်မှာကောက်ကွေး လှိုင်းကလေးငါးလေးစောင့်မျှော်ငေး။အအေးမိမယ် စိုးရိမ်တယ်ပျံတော့ ဗျိုင်းလေးရယ်၊ငါးလေးငယ်ငယ်ဖမ်းပြီးတော့ညီထွေးကျွေးမယ်နော့။နေပစေတော့ ညီထွေးငယ်ကျေးဇူးတင်ပါတယ်။ဗျိုင်းတို့မှာကွယ် ကိုယ့်အားကိုးသူများမခိုကိုး ... တဲ့။    မင်းရွှေမင်း (အင်းစိန်)
ကဗျာဆရာ မင်းရွှေမင်း (အင်းစိန်) သည်လည်း ကလေးကဗျာများဖြင့် အမျိုးသား စာပေဆု ထပ်ဆင့်ရသူ တစ်ဦးပင် ဖြစ်ပါသည်။သည်လို ကလေးကဗျာကလေး များသည် ကလေးများ ပျော်ရွှင် လန်းဆန်း စေသကဲ့သို့ သူတို့လေးတွေ၏ သင်ယူမှုအ၀၀ ကိုလည်း အထောက်အကူ ပြုလှပါသည်။ကျောင်းလောက ဆရာဆရာမတို့ လောကတွင်လည်း ဤသို့နှယ် ကဗျာရေးဖွဲ့ စာရေးဖွဲ့ကြသူများ အများအပြား ရှိနေကြပါသည်။ ထုတ်ဝေနိုင်သူ အချို့အချို့တို့၏ ကဗျာ စာအုပ်ကလေးများ၊ ပုံပြင် စာအုပ်ကလေးများကို တွေ့ရ ဖတ်ရပါသည်။ သို့သော် စောင်ရေတို့က မဖြစ်စလောက်။ဝလုံးဝလုံးလှလှ ရေးကြမည်ဝလုံး ဝိုင်းဝိုင်းညီ၊ဝလုံး ကိုယ်စီရေးလို့ထားဝလုံး ပြိုင်စို့လား။ဝလုံး များများရေးမှသာဝလုံး ဝိုင်းစက်မှာ၊ဝလုံး ညီညာရေးဖို့ကောင်းဝလုံး ရာထောင်သောင်း။ဝလုံး စောင့်ရွဲ့မရေးရာဝလုံး မလှပါ၊ဝလုံး ဆိုတာလုံးပါမှဝလုံး ခေါ်တယ်ဗျ။ကန့်ဘလူ ခင်မောင်ဆွေကျောင်းဆရာ ကန့်ဘလူ ခင်မောင်ဆွေသည် သူ့ကလေးများကို ဝလုံး စရေးဖို့ သင်လျှင် သည်ကဗျာလေးကို အလျင် ရွတ်ဆိုပြမည်ဟု မြင်ယောင်မိပါသည်။ သည်လို ကဗျာလေးများ ကျောင်းတိုင်းသို့ ရောက်သင့်သည်။ရေနံ့သာ မောင်ကျော်ညွန့်၏ ကလေးကဗျာ တစ်ပုဒ်သည်လည်း ကလေးတို့ ရွတ်ဆိုမိကြပြီး စိတ်ယဉ်ကျေးမှုကို နားလည် လာမိကြလိမ့်မည်။မောင်လူမွှေးနဲ့ မအေးချိုမအေးချို လှယဉ်ကျေးသိမ်မွေ့တည်ကြည်အေး။မောင်လူမွှေး စိတ်ကောင်းရှိရိုးသားဖြောင့်မတ်၏။မောင်လူမွှေးနဲ့ မအေးချိုချစ်ဖွယ့် စကားဆိုအားငယ်သူကို ကူညီပေးကိုယ်ချင်းစာတယ်လေး။ကလေးကလေး ချစ်တတ်ကြသည့် ကလေးများကား ကိုယ်ချင်းစာပြီးသား ရှိတတ်ကြသည်။လောကတွင်မူ အရွယ်ကြီး ရင့်လာသော်လည်း မစာနာတတ်သူများ ရှိတတ်ကြသည်။ ထိုသို့ မကောင်းသော လူကြီးများ၏ ကိုယ်ချင်း မစာနာတတ်မှုများကို ကလေးတို့ အသိထဲ မရောက် မတုပ မိကြစေရန်လိုသည်။ ကလေး တို့သည် ကစားချိန် နားချိန်ရကြကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ကစား၊ နားသည့်အခါ အချင်းချင်း ချစ်ခင်ကြသော အသိကလေးများဖြင့် သားချော့တေး ကလေးကဗျာ ကလေးများရွတ်ဆို၊ ဂိမ်းကို ခဏချ၍ စာပေကလေးများနှင့် လည်း လက်တွေ့ကျကျ ထိတွေ့သင့်လှသည်။မိဘတို့ ဆရာတို့ မြို့ကြီးပြကြီးတို့မှ လူတို့ ဆင်ခြင် သင့်ကြသည်။ မြန်မာပြည်တွင် ကလေးများ ကျောင်းမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ကလေးစာပေနှင့် ထိတွေ့ ဖွံ့ဖြိုးကြဖို့ဟူသည် ဆရာကြီး မင်းသုဝဏ် စာဆိုထားခဲ့သည့် -“မိုးပေါ်မှာ ကြယ်တလုံးတိမ်ဖုံးပါလို့ လမသာသာတော့အခါ သာပါလိမ့်မယ်နတ်ဒေဝါ သူဖန်ဆင်းတယ်ဖိုးရွှေလမင်း” နှယ် ဖြစ်နေလေသလား ထင်မိသည်။