အရက်စွဲသူတို့အကြောင်း (၁)

အရက်စွဲသူတို့အကြောင်း (၁)
Published 23 October 2016
ဒေါက်တာ အောင်ခင်ဆင့်

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက် ထုတ် Daily Eleven နေ့စဉ်သတင်းစာတွင် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး၌ ၂၀၁၅ ခုနှစ် စာရင်းအရ အရက်ဖြတ်သူ လူနာ ၈၀၀၀ နီးပါးရှိကြောင်း ဤဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအေး ၏ ပြောပြချက်အရ သိလိုက်ရပါသည်။ဤသတင်းစာ ဖတ်လိုက်ရသူ ကျွန်တော်သည် ၁၉၇၄ ခုနှစ်က ဖွဲ့ခဲ့ပါသော ‘အရက်ဖြတ်သူများအသင်း’ ကို ပြန်လည် သတိရမိပါသည်။ ဤအရက်ဖြတ်သူများ အသင်းကို ဦးဆောင်သူတို့မှာ ဥက္ကဋ္ဌအဖြစ် စိတ်ရောဂါ အထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးနေဝင်း ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကျန်းမာရေးပညာ) ဒေါက်တာ အောင်ခင်ဆင့် ကျွန်တော် ဖြစ်ပါသည်။ အဖွဲ့ဝင်များအဖြစ် ဆေးတက္ကသိုလ် (၁) မှ ပြည်သူ့ကျန်းမာရေး ဌာနမှူး ပါမောက္ခ ဒေါက်တာဦးကျော်တင့်၊ ကြေးမုံသတင်းစာ အယ်ဒီချုပ် ဆရာဇဝန၊ လုပ်သားသတင်းစာ အယ်ဒီတာချုပ် ဦးလှမြိုင်၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဦးခန်း နှင့် ဝန်ထမ်းအဖွဲ့တို့ ပါဝင်ကြပါသည်။ဤ အရက်ဖြတ်သူများအသင်း ကျင်းပရာနေရာမှာ (စိတ်ရောဂါအထူးကု ဆေးရုံကြီးမှာ မဟုတ်ပါဘဲ) သိမ်ကြီးဈေး မြောက်ဘက်၊ အနော်ရထာလမ်းမကြီး၊ ခုံးကျော်တံတားကြီး မဆောက်မီ ကာလက အားကစား အဆောက်အအုံကလေးမှာ အရက်ဖြတ်သူများ ပါဝင်ပြီး တက်ရောက် ဖွင့်လှစ်ခဲ့ပါသည့် အဆောက်အအုံလေး ဖြစ်ပါသည်။ကျွန်တော်သည် ဤ အရက်ဖြတ်သူများ အသင်းဥက္ကဋ္ဌ စိတ်ရောဂါအထူးကု ဆေးရုံအုပ် ဆရာဝန်ကြီး၏ မိန့်ခွန်းနှင့် ကျွန်တော့်အား သူသင်ကြား ပြောပြခဲ့ပါသော အချက်အလက်တို့ကို ကိုးကားပြီး ပြည်သူကမေး၊ ကျွန်တော်က ဖြေဆိုသည့် သဘောဖြင့် ဆေးဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ဖူးပါသည်။အရက်စွဲရောဂါအဓိပ္ပာယ်လုပ်သားပြည်သူမေး ■ ဆရာဦးအောင်ဆင့် ခင်ဗျား။ အရက်စွဲရောဂါဆိုတဲ့ အဓိပ္ပာယ်ကို ကျေးဇူးပြုပြီး သိပါရစေ။ကျွန်တော်ဖြေကြား ■ အရက်စွဲရောဂါ ဖြစ်တယ်ဆိုတာ တကယ်တော့ အရက်ကို အလွန်အကျွံ သောက်သုံးမိလို့ အရက်စွဲသွားတာပါ။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနေသူတွေ၊ အရက်ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေးများ ထိခိုက်ပြီး အခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေ၊ အဲဒီလို အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ ပုဂ္ဂိုလ်တွေကို ‘အရက်စွဲသူတွေ’ လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ဘာကြောင့် အရက်စွဲပါသလဲလုပ်သားပြည်သူမေး ■ လူတစ်ယောက် ဘာကြောင့် အရက်စွဲရတယ်၊ အရက်စွဲရောဂါ ဖြစ်ရတယ် ဆိုတာကိုလည်း အမိန့်ရှိပါဦး။ကျွန်တော်ဖြေကြား ■ အရက်စွဲရခြင်း အကြောင်းကို အသေးစိတ် မတင်ပြခင်။ ဘာကြောင့် အရက်စွဲရသလဲဆိုတဲ့ အချက်ကို ယေဘုယျအားဖြင့် ပြောပြလိုပါတယ်။ အရက်သောက်သူတိုင်း အရက်မစွဲပါဘူး။ အရက်စွဲသူ မဖြစ်ခဲ့ကြပါဘူး။ ဒါပေမဲ့ အရက်ရဲ့ ပင်ကို သဘောကိုက မိမိကိုယ်တိုင် မသိလိုက်ဘဲနဲ့ မိမိ၏ သတိတရား လွတ်ကင်းစေခြင်း၊ ထိန်းချုပ်နိုင်သော စွမ်းအင်များကို အစစ ချွတ်ယွင်း ပျက်စီးစေခြင်း စသည်တို့ကြောင့် ထိန်းချုပ်မှု စွမ်းအင် ရှိသူသည်ပင်လျှင် တစ်စတစ်စ အရက်စွဲ လာနိုင်ပါတယ်။ အရက်စွဲခြင်းရဲ့ ယေဘုယျ သဘောကတော့ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုတဲ့ သဘောပါပဲ။ အရက်သောက်တာ များတော့ အရက်စွဲ သွားတော့တာပေါ့။ ဒါကြောင့် အလွန်အကျံ မဖြစ်ကြဖို့လိုပါတယ်။ အလွန်အကျွံ သောက်ဖြစ်သွားတော့ ‘အရက်စွဲရောဂါ’ ဆိုတဲ့ ရောဂါတစ်ခု ပေါ်ပေါက် လာတော့တာပါပဲ။အရက်စွဲခြင်း အကြောင်းရင်းများအရက်စွဲရတဲ့ အကြောင်းရင်းကို အသေးစိတ် ကြည့်မယ်ဆိုရင် အချက်ရှစ်ချက် တွေ့ရပါတယ်။ အဲဒီ ရှစ်ချက်ကို နံပါတ်အနေနဲ့ တင်ပြီး ပြောရမယ်ဆိုရင် -မိတ်ဖြစ်ဆွေဖြစ် ကစ နံပါတ် (၁) ကတော့ အရက်ကို အပေါင်းအသင်းနဲ့ မိတ်ဖြစ်ဆွေဖြစ် သောက်ရာကနေ တစ်စတစ်စနဲ့ အလေ့အကျင့် သဘောမျိုး ဖြစ်လာကြပါတယ်။ နောက်တော့ အကြောင်းပြချက် အမျိုးမျိုးကို ရမယ်ရှာပြီး သောက်လာရင်တော့ အရက်စွဲနိုင်ပါတယ်။စိတ်ငယ်လို့ဖြစ် နံပါတ် (၂) အနေနဲ့ကတော့ ကိုယ်ရည်ကိုယ်သွေး ချို့တဲ့သူများဟာ အရက်စွဲတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး ချို့တဲ့သူများဟာ လူ့လောကရဲ့လူမှုဒုက္ခတွေကို ခံနိုင်စွမ်းမရှိဘဲ ထွက်ပေါက်ရှာကာ စိတ်အလိုလိုက်ကြပြီး အရက်သောက်တတ်ကြပါတယ်။ အဲဒီကနေတစ်ဆင့် အရက်စွဲတာပါပဲ။လူမှုပတ်ဝန်းကျင်ကြောင့် သောက် နံပါတ် (၃) အနေနဲ့ကတော့ လူမှုပတ်ဝန်းကျင် ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အရက်ကလည်း ပေါတယ်။ အရက်ရောင်းတဲ့သူကလည်း ပေါတယ်။ ဒီပတ်ဝန်းကျင်ဒေသမှာ အရက်သောက်တာဟာ ဓလေ့ထုံးစံ တစ်ရပ်လို ဖြစ်နေတယ်ဆိုရင် ဒီပတ်ဝန်းကျင်မှာ အရက်သောက်သူတွေ ပိုမို များပြားလာနိုင်ပြီး အရက်စွဲတဲ့ ပုဂ္ဂိုလ်တွေလည်း များပြားလာမှာဖြစ်ပါတယ်။လူငယ်သဘာဝကြောင့် အရက်သောက် နံပါတ် (၄) အနေနဲ့ကတော့ လူငယ် သဘာဝကြောင့် ပင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရက်နဲ့ နီးကပ်စွာ လုပ်ကိုင်နေတဲ့ လူငယ်များဟာ အရက်ကို အစမ်းသဘော သောက်သုံးကြည့်ရာက စပြီး အရက်စွဲလာတယ်လို့ ဆိုကြရမှာပါပဲ။နေ့စဉ်သောက်ရာမှစွဲ နံပါတ် (၅) အချက်ကတော့ သုတေသနတစ်ခု အရ သိရတာပါ။ အရက်မသောက်တတ်တဲ့ ပုဂ္ဂိုလ်အချို့ကို အရက်ကောင်းကောင်း တစ်နေ့ကို ငါးပက်မှ ခုနစ်ပက်အထိ နေ့စဉ်ရက်ဆက် သုံးပတ်လောက် တိုက်ကြည့်ပြီး ရုတ်တရက် အရက်ကို ဖြတ်လိုက်တဲ့အခါ အရက်စွဲ ဝေဒနာရှင်တွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများ ပေါ်ပေါက်လာတာကို တွေ့ရှိရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အရက်က နေ့စဉ်ရက်ဆက် သောက်မယ်ဆိုရင် အရက်စွဲလာနိုင်ပါတယ်။မျိုးရိုးမိသားစုအခြေခံ နံပါတ် (၆) အနေနဲ့ကတော့ မျိုးရိုး မိသားစုပတ်ဝန်းကျင် ကြောင့်လည်း အရက်စွဲလာနိုင်ပါတယ်။ မျိုးရိုးမှာ အရက်စွဲတဲ့ပုဂ္ဂိုလ်ရှိရင် အဲဒီမိသားစုမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ သာမန်လူထက် အရက်ပိုမို စွဲလာနိုင်ကြောင်း တွေ့ရပါတယ်။ မိသားစု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ဖခင် အရက်သောက်တာကို တွေ့မြင် ထိတွေ့နေရတဲ့ သားသမီးများအဖို့ အရက်ရှာပေးရတာတို့၊  ဝယ်ပေးရတာတို့၊ အမြီးလုပ်ပေးရတာတို့ စသည်တို့ဟာ သားသမီးမှာ အရက်စွဲလာနိုင်တဲ့ အပြုအမူ အခြေအနေတွေပါပဲ။ အတုမြင် အတတ်သင်တဲ့ သဘောလည်း ဖြစ်လာနိုင်ပါတယ်။ဝယ်ရလွယ်လို့ သောက် နံပါတ် (၇) အနေနဲ့ကတော့ လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်လူရွယ်များ အရက်ကို လွတ်လပ်စွာ ဝယ်ယူသောက်သုံးလို့ ရနေခြင်းနဲ့ နောက်တစ်မျိုးကတော့    ‘မူးယစ်ဆေးဝါး’ ကို တရားဥပဒေကြောင့် ကြောက်ရွံ့ပြီး လူငယ်လူရွယ်များ ဥပဒေနှင့် ထိန်းချုပ်မှုမရှိတဲ့ အရက်ဘက်ကို လိုင်းပြောင်း လာကြတာတွေကြောင့် အရက်ပြဿနာဟာ လူငယ်လူရွယ်တွေထဲမှာ ပေါ်လာတော့တာ ပါပဲ။စိတ်ရောဂါကြောင့် အရက်သောက် နံပါတ် (၈) အချက်အနေနဲ့ကတော့ စိတ်ရောဂါကြောင့် အရက်စွဲတာလည်း ရှိကြပါတယ်။ ဥပမာအားဖြင့် စိတ်ဓာတ်ကျရောဂါနဲ့ စိုးရိမ်လွန် ရောဂါရှိသူများဟာ မိမိတို့ ခံစားနေရတဲ့ စိတ်ဓာတ် ကျဆင်းမှုနဲ့ စိုးရိမ်မှုများ သက်သာအောင် အရက်သောက်ရင်းက အရက်စွဲလာကြပါတယ်။စိတ်ကျေရာဂါ ရှိသူများအနေနဲ့ကတော့ အရင်က မလုပ်ဖူးတဲ့ အလုပ်တွေကို စိတ်နေမြင့်မြင့်နဲ့ လိုက်လုပ်ရာ အရက်သောက်တာလည်း ပါလာရင်း အရက်စွဲလာတတ်ပါတယ်။မူလ စိတ်ရောဂါမှ တစ်ဆင့်ပွားလာတဲ့အတွက် ဆင့်ပွား အရက်စွဲရောဂါလို့ ခေါ်ပါတယ်။ ဒီလို စိတ်ရောဂါကြောင့် အရက်စွဲတာဟာ ရာခိုင်နှုန်း မများလှပါဘူး။ အနည်းအကျဉ်းသာ ဖြစ်ပါတယ်။အရက်သမား လက္ခဏာအရက်စွဲတဲ့ လက္ခဏာများကတော့ အရက်မသောက်ရရင် မနေနိုင်တဲ့ အခြေအနေမျိုး ရှိနေတတ်ပါတယ်။ ညဘက် မူးပြီး ပြောဆိုမိတဲ့စကားတွေ၊ ပေးထားတဲ့ ကတိတွေ၊  နောက်တစ်နေ့ ဆက်လုပ်ဖို့ ရည်မှန်းထားတဲ့ အလုပ်အကိုင်တွေ စသည်တို့ကို နောက်တစ်နေ့ နံနက်မှာ သတိမေ့တာမျိုး ဖြစ်တတ်ပါတယ်။ရေချိန်တက်လာ အရက်သောက်တဲ့ နှုန်းဟာလည်း တဖြည်းဖြည်း တက်လာပါတယ်။ ရေချိန်တက်လာတဲ့ သဘောပါပဲ။ အရက်သောက်တာကို အချိန်အခါနဲ့ သတ်မှတ်မထားတော့ဘဲ နံနက်အိမ်ရာ ထကတည်းက အရက်သောက်မှ နေနိုင်တာမျိုးဟာလည်း အရက်စွဲတဲ့ လက္ခဏာပါပဲ။တွေ့ရာကိုသောက် တဖြည်းဖြည်းနဲ့ ရင့်ကျက်လာတဲ့ အခါကျတော့ အရက်ဆိုရင် ဘာအရက်ပဲဖြစ်ဖြစ် ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုပြီး တွေ့ရာကို သောက်လာတတ်ကြပြီး အရက်စွဲသူတို့ ဘဝရောက်သွားကြပါကြောင်း။ ဤ ဆောင်းပါး၏ အဆက် ဒုတိယဆောင်းပါးကို စောင့်မျှော် ဖတ်ရှုကြပါရန်။
အရက်စွဲသူတို့အကြောင်း (၂) အား ဖတ်ရှုရန်