နေခြည်မှာ ရွှေရည်လောင်း သူကြီးလေးတို့ကျောင်း (သူငယ် သူငယ်မတွေ စိတ်ဝင်စားမယ့် ပညာရေး)

နေခြည်မှာ ရွှေရည်လောင်း သူကြီးလေးတို့ကျောင်း (သူငယ် သူငယ်မတွေ စိတ်ဝင်စားမယ့် ပညာရေး)
Published 21 October 2016
မိုးဧအောင်

အဖွင့်
လေးငါးနှစ်သား ကျောင်းနေစအရွယ်ဆိုတာ မိဘရင်ခွင်ကနေ ဆရာဆရာမဆီ အိမ်ကနေ ကျောင်းဆီရောက်လာကြတဲ့ ဝန်းကျင်သစ်ကို ထိတွေ့မိတ်ဆက်ကြသူလေးတွေပါ။ သူတို့ကို စာသင်ခန်းဆိုတဲ့ ပညာရေးဆိုတာကြီးနဲ့ အနေမစိမ်းဘဲ ပျော်မြူးတက်ကြွအောင် ထိန်းကျောင်းပေးရတာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပါ။ မိဘတွေ၊ အိမ်သူအိမ်သားတွေ အတွက်လည်း စိတ်ရောကိုယ်ပါ ဝင်စားပတ်သက်ရတဲ့ အရေးကြီးဆုံးကိစ္စပေါ့။ ကိုယ့်အိမ်မှာကိုယ် ဗိုလ်ဖြစ်နေသူလေး စာသင်ခန်းထဲရောက်တဲ့အခါ ဘယ်ပုံဘယ်နည်း နေသားကျမလဲ၊ ဘယ်လိုမပြေလည်တာများ ကြားရလေမလဲ၊ အရိပ်တကြည့်ကြည့် တွေးမိပူမိတဲ့ကာလပါ။
ကျွန်တော့်မှာ တူလေးတစ်ယောက်ရှိပါတယ်။ တစ်နှစ်ကျော် နှစ်နှစ်ထိ ဆံပင်မပေါက်လို့ ခေါင်းပြောင်ပြောင် လူပြောင်စပ်စပ်နဲ့ အရပ်ထဲက သူကြီးလေးမောင်ဘစီလို့ ခေါ်ကြတာ နာမည်ရင်းကို လူမသိကြတော့ဘူး။ ခု သူကြီးကလေး မူကြိုအပ်ပါပြီ။သူဘယ်လိုများ သင်ယူလေမလဲ၊ သူ့ဆရာမတွေက ဘယ်လိုများ သင်ကြားလေမလဲ ကျွန်တော် စိတ်ဝင်စားလှပါတယ်။
ကလေးစိတ်ပညာနဲ့ သင်ယူမှုဆိုင်ရာ ပညာရှင်တွေအဆိုအရ ဒီအရွယ်မှာ အတန်းကြီးကျောင်းသား ကျောင်းသူတစ်ယောက်လို စာပြီးရင်း စာသင်ယူမှုအပေါ် ဇွတ်တွန်းတင်မယ်ဆိုရင်တော့ အမှားကြီးမှားယွင်းပါလိမ့်မယ်။ သူတို့ကျင်လည်တဲ့ သဘာ၀၀န်းကျင်၊ သူတို့အရွယ်ရဲ့ စိတ်ကူးပုံရိပ်နဲ့ အဟပ်မကွာစေဘဲ သူတို့စိတ်ဝင်စားမှုကို ဖန်တီးသင်ကြားဖို့က (ဆရာ၊ ဆရာမအတွက် ခက်ခဲနိုင်ပေမယ့်) အမှန်ကန်ဆုံးလမ်းပါပဲ။ အခုဖော်ပြမယ့် နည်းလမ်းတချို့ဟာ သူတို့တစ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်တဲ့အပြင် သီးခြားဂုဏ်ရည် ကိုယ်စီပိုင်ဆိုင်တဲ့ စာသင်သားတွေအဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
၁။ သူငယ် သူငယ်မတစ်ယောက်ချင်း ဘာစိတ်ဝင်စားတယ်ဆိုတာ သိအောင်လုပ်ဖို့
( Find Things the kid is Interested in )
ကလေးတို့ရဲ့ နေ့စဉ်ဘဝမှာ မြင်ကြားသိ ခံစားနိုင်တဲ့ အဝန်းအဝိုင်းထဲက ဥပမာပေးတာမျိုးဟာ အကောင်းဆုံး သင်ထောက်ကူပါပဲ။ မြစ်ဝကျွန်းပေါ်က ကလေးတွေအတွက် ‘ဓ- ဓနိပင် အသုံးဝင်’က မျက်မြင်ဥပမာ ဖြစ်နိုင်သလို၊ တောင်ပေါ်ဒေသက ကလေးအတွက်တော့ ‘စ- စခန်းသာ တောင်တန်းပြာ’ က ပိုနားလည်ဖို့လွယ်မှာပါ။
တစ်ခါ သင်္ချာသင်ပေးမယ်ဆိုလည်း မုန့်ပျားသလက်၊ ဘိန်းမုန့်၊ မုန့်လင်မယား ဘယ်နှခုလို့ ရေတွက်တာမျိုး၊ အင်္ဂလိပ်စာသင်ရင်း စာလုံးဆက်ကစားတာကို စာအုပ်ပေါ် မဟုတ်ဘဲ ကွင်းပြင်ငယ်ငယ်မှာ ကိုးလက်မ ပတ်လည် Letter တွေရေး မြေပြင်မှာဆွဲထားတဲ့ အကွက်ထဲ ထည့်ခိုင်းတာမျိုးက စာမှန်းမသိဘဲ ပျော်စရာကစားနည်းကတစ်ဆင့် စိမ့်ဝင်သွားမယ့် သင်ကြားနည်းနမူနာတွေပါပဲ။
နာရီနဲ့ပတ်သက်တဲ့ သင်ခန်းစာမျိုး သင်မယ်ဆိုလည်း နိုင်ငံအနှံ့ သိပ်ရှာရမခက်တဲ့ တိုင်ကပ်နာရီအဟောင်းကို အသုံးပြုသွား လို့ရနိုင်တာပေါ့။ ကလေးတွေစိတ်ဝင်စားမယ့် သင်ထောက်ကူကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်လေလေ သူတို့တတ်မြောက်မှုအား ကောင်းလေလေပါပဲ။
၂။ တပည့်တုံ့ပြန်မှုပေးနိုင်မယ့် သင်ခန်းစာမျိုး ပြင်ဆင်ကြဖို့
(Use Interactive lessons)
သင်ကြားသူဆရာ ဆရာမကို ကလေးတိုင်း ကြောက်ရွံ့မှု အနည်းနဲ့အများ ရှိနေတတ်တာ ဓမ္မတာပါ။ ဒီအချက်ကို ကျော်ဖြတ်နိုင်အောင် တစ်ဖက်သတ်ပို့ချမှုဘောင်ထဲက ထွက်ရပါ့မယ်။ သင်ခန်းစာ ပြင်ကတည်းက ကလေးတွေတုံ့ပြန်မှု ရယူနိုင်မယ့် နှစ်ဖက်သွား ဆက်သွယ်ရေးလမ်းကြောင်း ပွင့်စေဖို့ အာရုံပြု ပြင်ဆင်သင့်ပါတယ်။ အဲဒီကတစ်ဆင့် စာသင်ခန်းစည်းကမ်း၊ အဝန်းအဝိုင်းနဲ့နေရင် လိုက်နာရမယ့်ဓလေ့တွေဆီ မသိမသာ ညွှန်ပြသွားနိုင်ပါတယ်။ မေးခွန်းတွေမေးပြီး ဖြေဆိုခွင့်ပေးရမှာဖြစ်သလို သူတို့မေးလာတာအတွက်လည်း ဖြေဖို့ပြင်ရပါမယ်။ အကောင်းဆုံးသာဓကအဖြစ် သိပ္ပံမောင်ဝရဲ့ မောင်လူအေး မောင်လူမွှေးကို ပြန်ဖတ်သင့်ပါတယ်။
မေးခွန်းစုံ အဖြေစုံကြားက စိတ်ထက်သန်မှုကို အရယူနိုင်သူဟာ အအောင်မြင်ဆုံး သင်ကြားသူပါပဲ။ သူတို့အဖြေတွေကို တည့်မတ်ပြုပြင်ပေးခြင်းအားဖြင့် ကလေးတစ်ယောက်စီရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တည်ဆောက်ပြီးဖြစ်ပါမယ်။
‘ ကျွန်တော့်အကြောင်း ’ သင်ခန်းစာက တစ်ဆင့် သူ့နာမည်၊ မိဘနာမည်နဲ့ အိမ်လိပ်စာကို မှန်မှန်ကန်ကန် ရေးတတ်သွားမှာပါ။ သူတို့စိတ်ကို ဖမ်းစားနိုင်ဖို့ သရုပ်ပြပုံတွေလည်း လိုသလိုထည့် သုံးနိုင်ပါတယ်။ ဒီနေ့ တိုင်းပြည်အခြေအနေအရ သင်ကြားသူတိုင်း ရဲ့လက်ထဲမှာ Mobile ရှိနေတာကိုက ကိုးကားစရာ ကိုယ်ပိုင်စာကြည့်တိုက် ပိုင်ဆိုင်နေတာပါပဲ။
၃။ သူတို့တစ်တွေကို ရွေးချယ်ခွင့်ပေးလိုက်ဖို့
(Whenever possible, provide choices)
တစ်ပတ် သို့မဟုတ် နှစ်ပတ်တစ်ခါ ပြုလုပ်လေ့ရှိတဲ့ ပြန်လှန်သင်ကြားချိန်မှာ သင်ရိုးစဆုံး လျှောက်ပြောသွားတာထက် အုပ်စုလိုက် အကြိုက်ဆုံးခေါင်းစဉ် သုံးလေးခုရွေးချယ်ခိုင်းပြီး သင်ကြားသူက အနှစ်ချုပ်ပြော၊ သူတို့တစ်တွေကို အုပ်စုဖွဲ့သရုပ်ဆောင်စေခြင်းက သိပ်ထိရောက်တာတွေ့လာပါလိမ့်မယ်။
အိန္ဒိယလို စာမလိုက်နိုင်သူသာ ကျူရှင်ယူလေ့ရှိတဲ့တိုင်းပြည်မျိုးမှာ ကျူရှင်ဆရာက ကလေးစိတ်ဝင်တစား ရွေးပေးတဲ့ခေါင်းစဉ်မျိုးက အစပျိုးသင်ကြားလေ့ရှိပါတယ်။ စာကြောက်သူဘဝကနေ တဖြည်းဖြည်း သင်ယူလိုစိတ် တိုးပွားထက်သန် လာတဲ့အဖြစ်ကို ပြောင်းယူတဲ့နည်းပါ။
၄။ ကစားခုန်စားမှုနဲ့ သင်ခန်းစာချိတ်ဆက်နိုင်ဖို့
(Involve the kid in activities)
သင်္ချာသင်တဲ့အခါ ကိန်းဂဏန်းတွေ နှုတ်တိုက်ရွတ်ဆိုစေတာမျိုးက နံရံလေးဘက် စာသင်ခန်းထဲ ကျဉ်းကျပ်သွားစေမှာပါ။ အဲလိုပို့ချမယ့်အစား သစ်ပင်တွေကို ရေတွက်ခိုင်းတာ၊ ဗာဒံသီးလို ဆီးသီးလို အသီးတွေကို အနည်းအများ နှိုင်းယှဉ်ခိုင်းတာ၊ အတန်းရလာတဲ့ကလေးအတွက် ပေကြိုးသုံးပြီး စာသင်ခုံ၊ ကုလားထိုင်တွေကို လက်တွေ့တိုင်းတာ ခိုင်းတာမျိုးဟာ သင်္ချာစွမ်းရည်ကို အခက်အခဲမရှိ မွေးမြူပေးလိုက်တာပါပဲ။
တစ်ခါရွတ်ဆိုလို့ကောင်းတဲ့ ကဗျာစပ်ထုံးနဲ့ရောမွှေပြီး ကိန်းဂဏန်းသာမက အသိပါပေးတဲ့ပုံစံမျိုးလည်း ဖော်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့သူငယ်တန်းမှာ ဆိုခဲ့ရတဲ့ ‘တစ် နှစ် စာကိုချစ်၊ သုံး လေး မသိတာမေး၊ ငါး ခြောက် နှစ်ချင်းပေါက်၊ ခုနစ် ရှစ် တပည့် သစ်၊ ကိုး တစ်ဆယ် ကြိုးစားမယ်’ ကဗျာလေး ကို သံပြိုင်ပျော်ပျော်ရွတ်ခဲ့ရုံမက ဒီအရွယ်ထိ မမေ့သေးပါဘူး။
၅။ အပြုသဘောဆောင်တဲ့ တိုးတက်ခြင်းတွေ မြင်အောင်ကြည့်ပြီး မိဘတွေဆီ သတင်းစကားပါးဖို့
(Send Positive Reviews to the Parents )
အခုကိစ္စကတော့ တော်တော်လေးဆွေး နွေးရမယ့် အကြောင်းဖြစ်ပါလိမ့်မယ်။ မြန်မာ အစိုးရကျောင်းတွေမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒီနေ့ထိ ပညာရည်တိုးတက် မှုမှတ်တမ်းလို့ခေါ်တဲ့ Report Card ကို စာမေးပွဲစစ်ပြီး အမှတ်ထွက်ချိန် မိဘဆီပို့တာ ကလွဲလို့ အခြားအပတ်စဉ်၊ လစဉ်ပေးတာမျိုး မရှိပါဘူး။ တချို့ဆရာ ကျောင်းသားအချိုး မညီတဲ့ကျောင်းတွေဆိုရင် နှစ်သာပေါက်သွားရော၊ အဲဒီမှတ်တမ်း မမြင်လိုက်ရပါဘူး။ မှတ်တမ်းပေါ်မှာရေးထားတဲ့ အားကစားတို့၊ ဂီတတို့ဆိုတာလည်း လူမြင်ကောင်းရုံ မည်ကာ မတ္တပါပဲ။
ဒါပေမဲ့ ဒီနိုင်ငံမှာပဲ ဖွင့်နေတဲ့ နိုင်ငံတကာအသိအမှတ်ပြု ကျောင်းတွေမှာတော့ အဲဒီမိဘဆီပေးပို့တဲ့ သတင်းစကားကို အထူးအလေးထား ဆောင်ရွက်ကြပါတယ်။ အတန်းကြီးတွေ မရောက်ခင် မူကြိုကတည်းက သူတို့ကို ဒီတစ်ပတ် ဘာတွေသင်၊ ဘာတွေလုပ်တတ်ပြီဆိုတာ မိဘထံ အမြဲအသိပေးပါတယ်။ လို အပ်ချက်ကိုလည်း မသိမသာပြောပြတတ်တယ်။ ဥပမာ အသားပဲစားတတ်လို့ အသားဟင်းချည်း ထည့်လာတဲ့ကလေးဆိုရင်  Vegetable ပုံပြရင်း ဟင်းသီးဟင်းရွက် စားတတ်လာအောင် ဆရာမိဘ ပူးပေါင်းလိုက်တာမျိုးပါ။ ကလေးရဲ့လိုအပ်ချက်တစ်ခုခုကို မိဘအချိန်မီသိရတော့လည်း ပုံသွင်းရလွယ်သွားပြန်ရော။ ကျောင်းမှာရလာတဲ့ သူငယ်ချင်းတွေ၊ ရလာတဲ့ ဘဝအသိ (Life Skill) တွေအတွက် မိဘမှာလည်း ထားရကျိုးနပ်ပေသပေါ့။ ကလေးရဲ့ ကာယသတ္တိ၊ စိတ္တသတ္တိ၊ မိတ္တဗလတွေ ဖွံ့ဖြိုးဖို့ သင်ကြားသူရော မိဘပါဝိုင်းအားထုတ်ကြရမှာပါ။
အခုပြောခဲ့တဲ့ သူငယ် သူငယ်မတွေရဲ့ စိတ်ပါဝင်စားမှုမှသည် သင်ယူလိုစိတ်ပေါ် ထွန်းလာသော ပညာရေးဖြစ်လာဖို့ တစ်နေ့တစ်ရက်တည်းနဲ့ ဆောင်ရွက်လို့ မရသလို တစ်နှစ်တည်း အစိုးရသက်တမ်းတစ်ခုတည်းနဲ့ အကောင်အထည်ဖော်လို့လည်း မပြီးပြတ်ပါဘူး။ နှစ်အလိုက် စဉ်ဆက်မပြတ်ဆောင် ရွက်သွားရမယ့် မျိုးဆက်တာဝန်ကြီးပါ။ တစ်ခါ သူတို့လေးတွေကို ပုံသွင်းဖန်တီးပေးလိုက်မယ့် သင်ကြားသူ ဆရာ ဆရာမများရဲ့ နှလုံးရည်ပြည့်ဝပြီး ဉာဏ်ရည်မနိမ့်ပါးတဲ့ အနာဂတ်အမြင်ကတော့ အခရာအကျဆုံးဖြစ်ပါကြောင်း။
နေခြည်မှာရွှေရည်လောင်းမယ့် သူကြီးဘစီတို့ စာသင်ကျောင်းကို မျှော်လင့်အိပ်မက် မက်နေပါတော့တယ်။
ကိုးကား။5 Ways to develop interest towards Education by Amrita Gupta.